အမှု ၄ မှုဖြင့် စွပ်စွဲခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းရင်ဆိုင်နေရသည့် အမှုများအတွက် ရှေ့နေ ငှားရမ်းခွင့် ရရှိမှသာ အမှုကို ဆက်လက် စစ်ဆေးရန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပထမဆုံး ရုံးချိန်း ပြီးသည့်နေ့ကပင် ရှေ့နေပါဝါ ရရှိရန် ကြိုးစားခဲ့သော်လည်း ယနေ့ မတ်လ ၁ ရက်နေ့ ရုံးချိန်းအထိ ရှေ့ နေ ပါဝါ မရရှိသေး ပေ။
“သူ(ဒေါ်အောင်ဆန်းစုကြည်)က ရှေ့နေနဲ့ ထုချေမယ်လို့ ပြောထားတဲ့အတွက် ရှေ့နေ ပါမလာမချင်းကို ကျမတို့က ဘာမှ ရှေ့ ဆက်ပြီး ဆောင်ရွက်မှာ မဟုတ်ဘူး။ ရှေ့နေပါလာတဲ့အထိကို ရုံးက ခွင့်ပြုပေးထားတယ်”ဟု ဇမ္ဗူသီရိမြို့နယ် တွဲဖက် တရားသူကြီး ဒေါ်နန်းအေးမြသီရိက ပြောသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှု ၂ မှု ထပ်တိုး ဖွင့်လာကြောင်း ယင်းတရားရုံး၏ ပြန်ကြားရေး အရာရှိလည်း ဖြစ်သူ ၎င်းက ပြောသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် အမှုဖွင့်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ထံတွင် တရားမဝင် တင်သွင်းထားသည့် စကားပြောစက်များ တွေ့ ရှိခဲ့သဖြင့် ဖြစ်ပြီး နေပြည်တော်မှ ရဲမှူး ကြည်လင်ဆိုသူက တရားလို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အခြား အမှုတခု ဖြစ်သည့် ပုဒ်မ ၅၀၅(ခ) မှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့က စာ ၂ စောင်ကို ကုလသမဂ္ဂနှင့် နိုင်ငံ တကာ သံရုံးများထံ ပေးပို့ခဲ့သဖြင့် ယင်းစာများသည် နိုင်ငံတော် ငြိမ်ဝတ်ပိပြားရေးကို ထိခိုက်သည်ဟုဆိုကာ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ပြီး တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
“၁၅ ရက်နေ့ကို အမှုအကုန်လုံးကို ချိန်းဆိုထားတယ်”ဟု တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်နန်းအေးမြသီရိက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုပုဒ်မ ၂ ခု မတိုင်မီ ပြီးခဲ့သည့် ရုံးချိန်းက သဘာဝ ဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သဖြင့် စုစုပေါင်း အမှု ၄ မှုနှင့် ရင်ဆိုင်နေရသည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများနှင့် တွေ့ချင်သည်ဟု ပြောသဖြင့် မြို့နယ် တရားသူကြီးက ရဲတပ်ဖွဲ့ ကို စီစဉ်ပေးလိုက်ပါဟု ညွှန်ကြားခဲ့ကြောင်း၊ တရားရုံးက ညွှန်ကြားချက်သာ ပေးနိုင်ပြီး လက်တွေ့ တွင် ရဲတပ်ဖွဲ့က ရှေ့နေ ပါဝါ ရရှိရန် မကူညီကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်များကို ပြောသည်။
“တရားစွဲဆိုခံရတဲ့သူက ဥပဒေနဲ့အညီ သူ့ရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးရမယ်ဆိုတဲ့ မူတွေကို အခုထိ အဲဒီ အခွင့် အ ရေးတွေမရဘဲနဲ့ တရားမျှတတဲ့ ရင်ဆိုင်မှု အခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတဲ့အကြောင်းကို အားလုံးကို တင်ပြချင်ပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကတော့ ရှေ့နေပါဝါ မတင်ရတဲ့ အနေအထား။ တရားရုံးကလည်း ရှေ့နေမပါရင် ဆက်မလုပ်ဘူး ဆိုတဲ့ ပုံစံမျိုးပဲ။ ဒီဟာကြီးကို ဒီအတိုင်းဆွဲနေရင် အချိန်ကြာနေတာပဲဖြစ်မှာ။ အဲဒီနစ်နာမှုတွေဟာ ကာယကံရှင်တွေ အ ပေါ်မှာ . . . ဒါပြီးတော့ ဒီဟာက အစဉ်အလာကြီး ဖြစ်သွားရင် ဒါမကောင်းဘူး။ လူတိုင်းအတွက် အစဉ်အလာကြီး ဖြစ်သွားမယ်”ဟု ပြောသည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ ခု ထပ်တိုးသည့် နည်းတူ သမ္မတ ဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၅၀၅ (ခ) တမှု ထပ်တိုးခဲ့ကြောင်း၊ ထို့ပြင် နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ် ၅၀၅ (ခ)ဖြင့် အမှုဖွင့် လိုက်ကြောင်း ရှေ့နေများထံမှ သိရသည်။
တရားရုံး ရုံးချိန်းများသို့ သတင်းထောက်များကို ဝင်ခွင့် မပြုနိုင်သေးကြောင်း၊ သို့သော် တရားရုံး စစ်ဆေးမှုများ အပြီးတွင်
အပတ်စဉ် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို ပြည်ထောင်စု လွှတ်တော် ခေါ်ယူခွင့် မပေးတော့ဘဲ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိနိုင်သည်ဟုဆိုကာ လက်ရှိ အစိုးရထံမှ နိုင်ငံတော် အာဏာကို တပ်မတော်က ရယူထားသည်။
ယာယီသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တာဝန်ပေးထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ထားသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြသူများကိုလည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံး အကြမ်းဖက် ဖြိုခွင်း မှုများကို တနိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိသည်။
You may also like these stories:
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနက်ဖြန် လုပ်မည်
ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ
လားရှိုးတွင် ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အားဖြင့် တံခါးများဖျက်၍ စီးနင်း