ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသူ ၄ ဦးကို ပုဒ်မ ၂ ခု ဖြင့် သံတွဲမြို့နယ်တရားရုံးတွင် ယနေ့(မတ် ၁ ရက်) တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၄ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး Video Conferencing စနစ်ဖြင့် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားစွဲခံရသူ ကိုအောင်ခိုင်မြင့်၏ဖခင် ဦးမြင့်ထွေးက ပြောသည်။
၎င်းက “ဒီနေ့ ကလေးတွေကို ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်တဲ့အချိန် တရားသူကြီးက ကလေးတွေကို ဘာပြောချင်တာ ရှိ လဲ မေးတော့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုတယ်လို့ ပြောတယ်။ သူတို့ တွေ့ခွင့်ပြုမယ်ဆိုရင်တော့ ကျနော်တို့ တွေ့ ခွင့်ရမယ်ပေါ့။ တွေ့ခွင့်မပြုဘူူးဆိုရင်တော့ မတွေ့ရဘူးပေ့ါ” ဟု ဧရာဝတီကို ပြောသည်။
တရားစွဲခံရသူ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်နှင့် မမြမြဝင်းတို့သည် သံတွဲမြို့ပေါ်တွင် ပြုလုပ်သည့် စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ပါဝင်ဆန္ဒပြခဲ့ကြသည် ဟုဆိုကာ ၎င်းတို့ ၄ ဦးအား ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ရဲ တပ်ဖွဲ့မှ အဓမ္မလာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း သံတွဲမြို့ပေါ်တွင် ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြရန် လူစု နေစဉ် တပ်နှင့် ရဲတပ်ဖွဲ့က လူစုခွဲရန် မြို့ပတ်ပြီး ကားဖြင့် လှည့်လည် သတိပေးနေသည့်အတွက် ငပလီ ပင်လယ်ကမ်းခြေ သို့ သွားရောက်ပြီး ချီတက်ဆန္ဒပြခဲ့ရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင် ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ ပြစ်မှုထင်ရှားလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း သံတွဲမြို့နယ် အပါအဝင် အမ်း၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ်များတွင် ဆန္ဒပြကန့်ကွက်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဆန္ဒပြရာ၌ ပါဝင်ခဲ့သူများ အနက် သံတွဲမြို့နယ်က ၄ ဦး အပါအဝင် အမ်းမြို့နယ်က ၇ ဦး၊ တောင်ကုတ်မြို့နယ်က ၃ ဦး၊ ဂွမြို့နယ်က ၂ ဦး၊ မာန်အောင်မြို့နယ်က ၂ ဦး၊ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများအနက် အမ်းမြို့နယ်မှ ၇ ဦးကို အမ်းမြို့နယ်တရားရုံးတွင် ဒဏ်ငွေ ၈ သောင်းကျပ်စီ ပေးဆောင်ခိုင်း ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်၌ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
You may also like these stories:
ဆန္ဒပြ၍ ဖမ်းခံရသည့် သံတွဲဒေသခံ ၄ ဦး မိသားစုနှင့် တွေ့ခွင့်မရ
ရခိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၈ ဦး ဖမ်းဆီးခံထားရ
အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၇ ဦး ငွေ ၈ သောင်း ဒဏ်ဆောင်စေ၍ ပြန်လွှတ်