စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အနေဖြင့် စစ်အာဏာသိမ်း ကောင်စီ လက်အောက်တွင် အလုပ် မလုပ်နိုင်ကြောင်း လှုပ် ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်သည့် ဝန်ထမ်း ထောင်နှင့်ချီ တိုးလာလျက်ရှိကြောင်း CDM Supporting အဖွဲ့များထံက သိရသည်။
မြန်မာ တနိုင်ငံလုံး အနေဖြင့် ကြည့်လျှင် ကျန်းမာရေး ကဏ္ဍသည် CDM ၁၀၀ ရာခိုင်နှုန်းပြည့် အောင်မြင်သည့် ကဏ္ဍဖြစ် ကြောင်း ကျန်းမာရေး ဝန်ထမ်းများက သုံးသပ်သည်။
“အကုန်လုံး CDM ဆိုပြီး သတ်မှတ်လိုက်ရတာမျိုးတွေလည်း ရှိတယ်။ ဥပမာ ဆေးရုံ တရုံမှာ ဆရာဝန် အယောက် ၂၀ လောက်ရှိရင် ၁၈ လောက်က မသွားတော့တဲ့ အခါကျတော့ အကုန်လုံးက CDM ဖြစ်သွားတယ်။ Medical field ကနေ CDM အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ၁၀၀ ရာခိုင်နှုန်းအောင်မြင်တယ်လို့တောင် ပြောလို့ရတယ်” ဟု CDM တွင် ပါ ဝင်သည့် ဆရာဝန်ကြီးတဦးက ပြောသည်။
“အစိုးရ ဆေးရုံ မရှိတဲ့နေရာတို့ မြို့နဲ့အလှမ်းဝေးတဲ့ နယ်တွေမှာ ရှိတဲ့နေရာတို့ကတော့ ပြည်သူလူထုရဲ့ အကျိုးအတွက် အရေးပေါ် အခြေအနေတွေကို CDM လို့ ကြေညာထားပြီးတော့ ဆက်လုပ်နေတာကိုတော့ နားလည်ပေးထားတယ်” ဟု ၎င်းက ဆိုသည်။
ကျန်းမာရေး ဌာနများ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြားဌာနများလည်း အလားတူ CDM ပြုလုပ်သူ တိုးပွားလာနေပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနများနှင့် ရဲတပ်ဖွဲ့များပင် အပါအဝင် ဖြစ်သည်။
CDM ကူညီထောက်ပံ့ရေး အဖွဲ့များသို့ စာရင်းပေးသူများသည် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန တို့ရှိ ဝန်ထမ်းများ အများဆုံး ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် နေ့စဉ် Civil Disobedience Movement စာရင်း တက်လာသူ ၄၀၀ မှ ၆၀၀ ကြားရှိနေ ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးှရှိ CDM ထောက်ပံ့ရေး အဖွဲ့အစည်းတခုက သိရသည်။
“ကျနော်တို့ဆီမှာဆို ၁ နေ့ကို ၄၀၀ လောက် ဝင်နေတာ ရှိတယ်။ ဒီနေ့ဆိုရင် တော်တော် များများတယ်။ တနေ့ကို ၄၀၀ က နေ ၆၀၀ လောက်ရှိတယ်။ ပုံမှန်ထက် ၃ ဆလောက် ရှိတယ်” ဟု အဆိုပါ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ဆိုသည်။
ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော်နှင့် ကချင်ပြည်နယ်တို့တွင် ၅ ရက်အတွင်း CDM ဝန်ထမ်း ၆ ထောင်ကျော်ခန့် စာရင်း ကောက်ယူ ရရှိကြောင်း အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ စာရင်းများ ကောက်ယူနေသည့် CDM ထောက်ပံ့ရေး အဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း ရဲဝန်ထမ်းများ အပါအဝင် ဌာနအသီးသီးမှ CDM ဝန်ထမ်းများ တိုးပွားလာနေကြာင်း သိရသည်။
ဖေဖော်ဝါရီလ၂၈ ရက်ကလည်း ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ ယာယီရဲမှူး ဦးတင်မင်းထွန်းက CDM လှုပ်ရှားမှုတွင် ပါဝင် လာပြီဖြစ်ကြောင်း ၎င်းကိုယ်တိုင် ဗွီဒီယိုဖိုင်ဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
CDM လှုပ်ရှားမှုများ ရပ်တန့်ရန်အတွက် စစ်အာဏာသိမ်း ကောင်စီက ခြိမ်းခြောက်ဖိအားပေးခြင်း၊ ဖမ်းဆီးခြင်း၊ မက်လုံး ပေး စွဲဆောင်ခြင်း စသည့် နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုလျက်ရှိသည်။
သို့သော်လည်း CDM လှုပ်ရှားမှုများမှာ တစထက် တစတိုးပွားလာနေပြီး စစ်အာဏာသိမ်းကောင်စီအနေဖြင့် လုံးဝ လုပ်ငန်း လည်ပတ်လို့ မရတော့သည့် အနေအထားသို့ ရောက်လုဖြစ်ပြီသဖြင့် ဆက်လက် တွန်းအားပေး လုပ်ဆောင်ရန် လိုအပ် ကြောင်း CDM ထောက်ပံ့ရေး အဖွဲ့များက ပြောသည်။
“CDM လို့ခေါ်တဲ့ အာဏာဖီဆန်မှုမှာ ၁၀၀ ရာခိုင်နှုန်း ပါဝင်လိုက်ပါ။ တကယ့်ကို လက်ရှိ စစ်ကောင်စီ ဘယ်လိုမှ ရုန်းကန် လို့ မရဘူး။ ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ မရဘူး။ ဒါ အရမ်းသေချာတယ်။ ဒါကြောင့် CDM ဝန်ထမ်းတွေကို ကျမတို့ က ဒီနေရာကနေပြီး အားလည်း အားပေးပါတယ်။ လေးလည်း လေးစားပါတယ်။ အသိအမှတ်လည်း ပြုပါတယ်”ဟု CDM ထောက်ပံ့ရေးအဖွဲ့ တခုမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“CDM ဝန်ထမ်းတွေ လုံးဝ အားမလျှော့ပါနဲ့။ အားတင်းထားကြပါ။ ကျမတို့ အားလုံး အောင်ပွဲကို သွားမယ်။ အချိန်ဘာမှ မလိုတော့ပါဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင် ဟုဆိုကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးကာ စစ်တပ်က အာဏာ သိမ်းခဲ့သည်။
စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစိုးရ ဝန်ထမ်းများက လူထု မနာခံရေး လှုပ်ရှားမှုဖြစ်သည့် CDM လှုပ်ရှားမှု ကို ပြုလုပ်နေသလို၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ နေ့စဉ် လူထောင်သောင်းချီပြီး ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိခြင်း ကြောင့် စစ်အာဏာသိမ်း ကောင်စီကလည်း လူရာပေါင်းများစွာကို ဖမ်းဆီးရုံတင်မက လူ ၃၀ ဦးထက် မနည်းကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်။
You may also like these stories:
စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ
အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ