သတင်း

လူ့အခွင့်အရေးချိုးဖောက်သူများကို ဒဏ်ခတ်ရေး ကုလသမဂ္ဂ ကျွမ်းကျင်သူ သုံးဦး အကြံပေးမည်

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တလကြာသောအခါ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာ ကျွမ်းကျင်သူ ၃ ဦးသည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ရှိသူများကို ဒဏ်ခတ်ရေး လှုပ်ရှားမှုကို ထောက်ကူရန် လွတ်လပ်သော အဖွဲ့တဖွဲ့ ဖွဲ့လိုက်သည်။

ထိုမြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ကို မြန်မာနိုင်ငံမှ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများအတွက် နိုင်ငံတကာ စင်မြင့်တခုရရှိစေရန် မတ်လ ၁ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

SAC-M ကိုတည်ထောင်သော အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း ယန်ဟိလီ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌဟောင်း မာဇူကီ ဒါရပ်ဇ်မင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ အဖွဲ့ဝင်ဟောင်း ခရစ် ဆီဒေါ့တီတို့ ပါဝင်သည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း မြန်မာစစ်တပ်သည် ၎င်းတို့ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရများသို့ အာဏာကို အကန့်အသတ်ဖြင့် ပေးအပ်ထားခဲ့သည်။ လွန်ခဲ့သော နှစ် နိုဝင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ခိုင်မာသည့် ရွေးကောက်ပွဲအောင်မြင်မှုကြောင့် ဖွဲ့စည်းပုံအရ ဒုတိယသက်တမ်းအတွက် တာဝန်ယူရမည်ဖြစ်သည်။

သို့သော် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်၊ ကိုဗစ်-၁၉ ကူးစက်မှုနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် စီးပွားရေး နောက်ကျန်ကျမှုတို့ကို လုံး၀ ဂရုမစိုက်ဘဲ စစ်ဗိုလ်ချုပ်များသည် ထိုရွေးကောက်ပွဲရလဒ်ကို မကျေနပ်သောကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီခြင်းမရှိသည့် စစ်အာဏာသိမ်းမှုပြုလုပ်လိုက်သောကြောင့် နိုင်ငံသည် နောက်ထပ်အကျပ်အတည်းတခုထဲ ထပ်မံကျဆင်းသွားရသည်။

“မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို ရာစုနှစ်ဝက်ကျော် ဖိနှိပ်ခဲ့တယ်၊ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ဖို့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုတွေကို ချိနဲ့သွားအောင်လုပ်ခဲ့ပြီးတော့ ပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြတယ်” ဟု SAC-M ကိုတည်ထောင်သော အဖွဲ့ဝင်တဦးဖြစ်သူ ယန်ဟိလီပြောသည်။

“ပြီးခဲ့တဲ့လက တုန်လှုပ်စရာ စစ်အာဏာသိမ်းမှုဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ နိုင်ငံတကာစံနှုန်းတွေကို ဗ်ိုလ်ချုပ်တွေက လုံးဝဂရုမစိုက်ဘူးဆိုတာကို ထပ်မံပြသလိုက်တာဖြစ်တယ်” ဟု သူပြောသည်။

စစ်တပ်၏လုပ်ရပ်ကြောင့် တနိုင်ငံလုံး ဒေသပေါက်ကွဲခဲ့သည်။ နိုင်ငံတဝှမ်း ကျယ်ပြန့်သည့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အလုပ်သမားများ၏ အထွေထွေ သပိတ်ကြောင့် အစိုးရလုပ်ငန်းများ ရပ်တန့်နေသည်။

တချိန်တည်းတွင် သိန်းနှင့်ချီသော ဆန္ဒပြသူများသည် စစ်တပ်က အင်တာနက်ပိတ်ဆို့ထားသည်ကို ရှောင်ရှားရန် နည်းလမ်းရှာဖွေနေပြီး ၂၄ နာရီဆန္ဒပြပွဲများ ပြုလုပ်နေသည်။ “မြန်မာပြည်သူတွေက အကြောက်တရားကင်းမဲ့စွာ ထုတ်ဖေါ်ပြောဆိုနေပြီး သူတို့ရဲ့သတင်းစကားက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တခုကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဒုက္ခမခံစားစေချင်ဘူး ဆိုတဲ့ သတင်းစကားကို သူတို့ပေးနေကြတယ်” ဟု SAC-M ၏ အခြားအဖွဲ့ဝင်တဦးဖြစ်သူ မာဇူကီ ဒါရပ်ဇ်မင်း ပြောသည်။

“သူတို့ရဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးရေး တိုက်ပွဲမှာ ကျနော်တို့အတူ ရပ်တည်တယ်” ဟု သူပြောသည်။

စစ်သားများနှင့် ရဲများက ဆန္ဒပြပွဲများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ လူသေစေသော လက်နက်များ ပိုမိုအသုံးပြုခြင်း စသည်တို့ဖြင့် တုံ့ပြန်ကြသည်။ အကြမ်းဖက်ဖိနှိပ်မှုများ ပိုမိုမြင့်မားနေပြီး လုံခြုံရေးတပ်များ၏ သတ်ဖြတ်ခံရသော၊ ဒဏ်ရာရသော၊ ရိုက်နှက်ခံရသော ဆန္ဒပြသူအရေအတွက်မှာ တရက်ပြီးတရက် မြင့်မားလားနေသည်။

ထိုသို့သော ဖြိုခွဲမှုများသည် ဆက်လက်ပြင်းထန်လာမည်ကို အလေးအနက် စိုးရိမ်နေရသည်။ မြန်မာနိုင်ငံမှ များပြားလှသော တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအတွက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်လန့်ရခြင်းမှာ နေ့စဉ်ဘဝ၏ ကြောက်မက်ဖွယ်ရာ အစစ်အမှန် အချက်အလက်ဖြစ်နေသည်။

လွန်ခဲ့သော ဆယ်စုနှစ်တွင်း တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများမှ အရပ်သားများကို စစ်တပ်က အသေအပျောက်များသော ထိုစစ်ဆင်မှုများသည် မကြုံဘူးသော အတိုင်းအတာအထိ ရောက်ခဲ့ရပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်များကို ဖြစ်စေသည်။

“ဒီလိုအပြစ်ဒဏ် ကင်းလွတ်နေတာကို ရပ်တန့်ပြီး အပြစ်အတွက် တာဝန်ရှိမှုကို အာမ မခံနိုင်ရင် မြန်မာနိုင်ငံရဲ့အတိတ်က ကြေကွဲစရာဖြစ်ရပ်တွေဟာ ဆက်လက်ဖြစ်ပေါ်နေဦးမှာပဲ။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရပ်တည်မှု ရှိရှိနဲ့ စစ်တပ်နဲ့အဆက်အသွယ်အားလုံး ဖြတ်ဖို့ အချိန်ကျပြီ” ဟု SAC-M ၏ တတိယမြောက်အဖွဲ့ဝင် ခရစ် ဆီဒေါ့တီ က ရှင်းပြသည်။

၎င်းတို့၏ အဆိုအရ SAC-M သည် မြန်မာ လူ့အခွင့်အရေးအဖွဲ့များ၊ ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ၎င်းတို့သေနင်္ဂဗျူဟာများအတွက် အကြံပေးမည်ဖြစ်ပြီး ၎င်းတို့၏ အသံများ ပိုမိုကျယ်ပြန့်စေရန် လုပ်ကိုင်ပေးမည်ဖြစ်သည်။

တည်ထောင်သူ ၃ ဦးရှိသော ထိုကောင်စီသစ်ကို မြန်မာ့အရေးနှင့်ပတ်သက်သော အခြားကျွမ်းကျင်သူများ လာရောက် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

SAC-M သည် Zoom မှတဆင် ဗီဒီယို သတင်းစာရှင်းလင်းပွဲကို လာမည့်ကြာသပတေးနေ့ (မတ်လ ၄ ရက်နေ့) တွင် ကျင်းပပြီး ၎င်းတို့၏ လုပ်ငန်းများကို မိတ်ဆက်ကာ လတ်တလောအရေးပေါ်နှင့် ဆက်လက်ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို ဆွေးနွေးမည်ဖြစ်သည်။

ကိုးကား။ ။ The Online Citizen

You may also like these stories:

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော

အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading