ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများအား မြေပြင်ကွင်းဆင်း သတင်းယူခဲ့ရာ၌ ဖမ်းဆီးခံ ရသော သတင်းထောက် တချို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြောင်း ဖမ်းဆီး ခံရမှုအား ကူညီဆောင်ရွက်နေသည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရသူ များမှာ မြန်မာနောင်းသတင်းဌာနမှ မကေဇွန်နွေး(စမ်းချောင်းရဲစခန်း)၊ AP သတင်းဌာနမှ ဦးသိန်းဇော် (ကမာရွတ်ရဲခစန်း) နှင့် Myanmar Pressphoto Agency မှ ကိုရဲမျိုးဟိန်း(ကမာရွတ်ရဲစခန်း)တို့ဖြစ်ကြောင်း အကျဉ်းထောင် တာဝန်ရှိသူများ၏ အတည်ပြုချက်အရ သိရသည်။
ထို့ပြင် 7 Day သတင်းဌာနမှ ကိုအောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ ကိုဟိန်းပြည့်ဇော်နှင့် အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်းတို့ပါ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပုဒ်မ ၅၀၅ (က)မှာ ဖော်ပြချက်ကို၊ ကောလာဟလ ကို၊ သတင်းကို ထုတ်ပြန်ကြေငြာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာ တွင် လည်းကောင်း၊ ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေတပ်မှ အရာရှိ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ကို မလေးစားခြင်း၊ ပျက် ကွက်စေခြင်း ပြုရန် အကြံရှိလျှင်၊ ပြုစေတန်ရာ အကြောင်းရှိလျှင် လည်းကောင်း ထိုသူကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြထား သည်။
ပြီးခဲ့သည် ဖေဖော်ဝါရီ ၂၇ ၊ ၂၈ နှင့် မတ်လ ၁ ရက်နေ့တို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ပေါ်ရှိ စစ်အာဏာ ရှင် ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာတွင် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပြီး သတင်းသမား များ အပါအဝင် သပိတ်စစ်ကြောင်းအသီးသီးမှ လူ ၆၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲမှ ၅၃၀ ဦးခန့်အား ယနေ့ မတ်လ ၂ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများမှတဆင့် ပြန်လည် လွှတ်ပေးခဲ့ပြီး ၇၀ ဦးခန့်အား ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသော်လည်း အကျဉ်းထောင်ရှေ့ သွားရောက်စောင့်ဆိုင်းသူ ရှေ့နေတဦး၏ ပြောပြချက်အရ ပြန်လွတ်လာသူ ၂၀၀ ကျော်သာ ရှိမည်ဟု ပြောဆိုသည်။
လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဦးခင်မောင်မြင့်က “အထဲမှာ ၇၀ လောက်တော့ ကျန်သေးတယ် သိရတယ်။ သူတို့ ဆက်ပြီး စစ်နေတုန်းပဲ။ ဒီအထဲက တချို့ (၃၀ ဦးခန့်) ကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲမယ်လို့ အကျဉ်းထောင်ဘက်က အတည်ပြုပြောတယ်။ မနက်ဖြန်လည်း တချို့ကို ပြန်လွှတ်ပေးဖို့ရှိနိုင်တယ်။ ဘယ်နှစ်ဦး လွှတ်မလည်းတော့ မသိရသေးပါ ဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူများအား အင်းစိန်အကျဉ်းထောင်မှ ယနေ့ ပြန်လည်လွတ်ပေးမှုနှင့် ပတ်သက်ပြီး ဖြိုခွဲခံရသည့် ဆရာ/ဆရာမ များ သပိတ်တွင် ပါဝင်သူများ၊ ဆရာဝန်များစစ်ကြောင်းတွင် ပါဝင်သူများနှင့် လူမှုကူညီရေးအဖွဲ့ဝင်များက မှန်ကန် ကြောင်း အတည်ပြု ပြောဆိုသည်။
လူမှုကူညီရေး ဆောင်ရွက်နေသူတဦးက “သာကေတမှာ ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားကလေးတွေ ဒီ မနက် ပြန်တော့ လွတ်လာကြပြီ။ ဒါပေမယ့် ၂ ယောက်ကတော့ တရားစွဲခံရမယ်ကြားတယ်။ ဘာပုဒ်မတွေ ဖြစ်မလဲတော့ မသိသေးဘူး” ဟု ဆိုသည်။
စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံတဝန်း ဖမ်းဆီးခံရသည့် သတင်းထောက် အရေအတွက် ၃၀ ဦး ရှိပြီဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူ ၅ ဦးထက်မနည်းရှိကာ တချို့မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဆန္ဒပြပွဲများတွင် သတင်းထောက်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးတိုက်ခိုက်မှုများ ရှိနေ
အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ