မတ်လ ၂ ရက်က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းအဝေးတွင် ဘုံသဘောတူညီချက် မရရှိခဲ့သဖြင့် လက်ရှိ ဖြစ်ပွားနေသော မြန်မာနိုင်ငံအရေးအတွက် ကြေညာချက်ပင် မထုတ်နိုင် ကြောင်း သိရသည်။
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့က ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထားသူများကို ပြန် လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာရန် အဆိုပြုခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက တညီတညွတ် တည်း ထောက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အစည်းအဝေးတွင် မြန်မာစစ်တပ်အနေနှင့် တင်းမာမှုများကို အရှိန် အဟုန်ဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောဆိုသည်ဟု စင်္ကာပူနိုင်ငံအခြေစိုက် The Business Times သတင်း ဌာနက ရေးသားထားသည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ အသံတွေကို အင်ဒိုနီးရှားနိုင်ငံက လေးစားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသွားသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဘရူနိုင်းနိုင်ငံ၏ အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာ ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်များ ထပ်မံ မဖြစ်စေရန် အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့် ကြောင်း ဖော်ပြထားသည်။
ဘရူနိုင်းနိုင်ငံက အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံသည် အပြုသဘောဆောင်သော အကူ အညီများပေးရန် အဆင်သင့်ရှိသင့်သည် ဟု ပြောဆိုခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan ကမူ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေး တပ် ဖွဲ့ဝင်များက အင်အားသုံး အကြမ်းဖက်နေမှုသည် လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာ့အရေးအတွက် ဘုံသဘောတူညီချက် မချနိုင်ခြင်းသည် အာဆီယံနိုင်ငံများအတွင်း စည်းလုံးညီညွတ်မှု အား နည်းနေသည်ကို ထင်ရှားစေပြီး အာဆီယံအဖွဲ့အပေါ် ယုံကြည်မှုများလည်း အားနည်းစေနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
မလေးရှား ထိပ်တန်း သံတမန် Hishammuddin Hussein ကမူ ဒေါ်အောင်ဆန်းစုကြည် အပြတ်အသတ် အနိုင်ရခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲကွာဟချက်များ ရှိနေသည်ဆိုသော စစ်တပ်၏ စွပ်စွဲချက်နှင့် ပတ်သက်၍ အာဆီယံ ကိုယ်စားပြု ကျွမ်းကျင်အဖွဲ့က ကြားဝင် စုံစမ်းစစ်ဆေးသင့်သည်ဟု အစည်းအဝေးတွင် အကြံပြုခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂ ရက်အထိ ဖမ်းဆီးခံထားရသူ ၁၂၉၄ ဦး ရှိနေပြီဖြစ်ပြီး မတရားအကြမ်းဖက် ဖြိုခွင်းခံရ၍ ကျဆုံးသွားခဲ့သူ ၃၀ ဦးခန့် ရှိကြောင်း သိရသည်။
ထိုသို့ လူအမြောက်အများဖမ်းဆီး သတ်ဖြတ်ခံနေရသည့်တိုင်အောင် အာဆီယံနိုင်ငံများအနေနှင့် မြန်မာ့အရေးကိစ္စ အတွက် ဘုံသဘောတူညီသော ကြေညာချက် တစောင်ပင် မထုတ်နိုင်သည့် အနေအထားကို မြန်မာပြည်သူများ ဝေဖန် ပြောဆိုနေကြလျက် ရှိသည်။
You may also like these stories:
ဖမ်းခံရသည့် ရန်ကုန်သတင်းထောက်တချို့ ကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
လူ့အခွင့်အရေးချိုးဖောက်သူများကို ဒဏ်ခတ်ရေး ကုလသမဂ္ဂ ကျွမ်းကျင်သူ သုံးဦး အကြံပေးမည်