မြောက်ဥက္ကလာပ မြို့နယ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရပ်ကွက်အတွင်းအထိ ဝင်ရောက်ကာ ပစ်ခတ်မှုများ ပြုလုပ်ခြင်း ကြောင့် ကျည်ထိမှန်၍ ရေသန့် ပို့သူ ၁ ဦး သေဆုံးပြီး ပေါင်နှင့် ဝမ်းဗိုက်ကျည်ထိ အပြင်းအထန် ဒဏ်ရာရသူ ၄ ဦး ရှိ ကြောင်း သိရသည်။
ယနေ့ မနက်ပိုင်းမှ စတင်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် သုဓမ္မာ လမ်းမတလျှောက် ဆန္ဒပြ ပြည်သူများကို ပစ်ခတ်ဖြို ခွင်းခဲ့ပြီး မြောက်ဥက္ကလာ၂ ရပ်ကွက် အတွင်းသို့ ရေသန့် လာပို့သည့်၂၈ နှစ်အရွယ် ကိုမင်းဦးသည် ဆီးစပ်ကျည် ထိ မှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရပ်မိရပ်ဖ တဦးက ရှင်းပြသည်။
“လောလောဆယ်မှာတော့ မြောက်ဥက္ကလာမှာ၂ ရပ်ကွက် သုဓမ္မာ ၅ လမ်းမှာ ပြန်ထွက်သွားတဲ့အဖွဲ့က ပစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ရေသန့်ပို့တဲ့ ကလေး၂၈ နှစ် ဆီးစပ် မှန်ပြီးတော့ ဆုံးသွားပါတယ်။ ကျည်မှန်တဲ့ ပုဂ္ဂိုလ်ကတော့ ၅ ယောက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပေါင်နှင့် ဝမ်းဗိုက်များ ထိမှန်သည့် ကျန် ၄ ဦးသည် ဆေးကုသမှုခံယူနေပြီး ရာဘာကျည် ထိမှန်ပြီး ဒဏ်ရာရရှိသူများ အများအပြားလည်း ရှိကြောင်း သိရသည်။
သေဆုံးသူ ကိုမင်းဦး၏ အလောင်းကို ရေခဲတိုက်သို့ပို့ရန် စီစဉ်နေပြီး နေထိုင်ရာ နေရပ်လိပ်စာကိုလည်း စုံစမ်းလျက် ရှိကြောင်း သိရသည်။
ယနေ့ မတ်လ ၃ ရက်တွင် စစ်ကောင်စီ လက်အောက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် ပစ်ခတ်မှုများကြောင့် တိုင်းနှင့်ပြည်နယ် အချို့တွင် ဆန္ဒပြသူများ သေဆုံးမှုရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။
You may also like these stories:
စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ
လူ့အခွင့်အရေးချိုးဖောက်သူများကို ဒဏ်ခတ်ရေး ကုလသမဂ္ဂ ကျွမ်းကျင်သူ သုံးဦး အကြံပေးမည်
ကလေးမြို့ ဆန္ဒပြလူထု ပစ်ခတ်နှိမ်နင်းခံရပြီး ၁၂ ဦးဒဏ်ရာရ