တလကျော်ကြာပြီဖြစ်သော အကျပ်အတည်းကို ဖြေရှင်းရန် ဒေသတွင်းသံတမန်များက တွန်းအားပေးပြီး တရက်အကြာ ဗုဒ္ဓဟူးနေ့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း မြန်မာစစ်တပ်နှင့် ရဲများက ပစ်ခတ်သောကြောင့် လူအနည်းဆုံး ၁၄ ဦးသေဆုံးကြောင်း မျက်မြင်သက်သေများက ပြောသည်။
ယနေ့ မတ်လ ၃ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီထိ စုံစမ်းထားချက်အရ မြန်မာပြည် အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ ဦး ရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာ အပြင်းအထန် ရရှိကာ လမ်းပေါ်တွင် လဲကျကျန်ရစ်သူ ၂ ဦးမှာ ရဲက တရွတ်ဆွဲ ခေါ်သွားသဖြင့် သေသည် ရှင်သည် အတည်ပြုမရ ဖြစ်နေသည်။
နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော မန္တလေးမြို့ရှိ ဆန္ဒပြပွဲနှစ်ခုတွင်လည်း လူ ၃ ဦးသေဆုံးကြောင်း မျက်မြင်သက်သေများက ပြောပြီး အကြီးဆုံးမြို့ ရန်ကုန်တွင်လည်း ရဲက ပစ်ခတ်သောကြောင့် လူ တဦးသေဆုံးကြောင်း မျက်မြင်သက်သေများပြောသည်။ ရန်ကုန်တွင် သေဆုံးသူ အရေအတွက် ပိုလာနိုင်ကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။
မကွေးတိုင်း မကွေးမြို့တွင် ၁ ဦး၊ စလင်းမြို့တွင် ၂ ဦး၊ မန္တလေးတိုင်း မြင်းခြံမြို့တွင် ၁ ဦးနှင့် စစ်ကိုင်းတိုင်း ကလေးမြို့တွင် ၁ ဦး သေဆုံးကြောင်း အတည်ပြုချက်များ ရရှိထားသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း သေဆုံးသူ အနည်းဆုံး ၃၆ ဦးရှိပြီဖြစ်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး နိုင်ငံတကာကလည်း တုန်လှုပ်နေသည်။
လက်နက်ကိုင်တပ်ဖွဲ့များသည် ရန်ကုန်တွင် ဆန္ဒပြသူများကို လူစုခွဲသောအခါ လူ ၃၀၀ ခန့်ကိုလည်းဖမ်းဆီးခဲ့ကြောင်း မြန်မာနောင်း သတင်းကဖေါ်ပြသည်။ ထိုသို့ဖမ်းဆီးခံရသူများတွင် ဆန္ဒပြပွဲခေါင်းဆောင်အများအပြားပါဝင်ကြောင်း တက်ကြွလှုပ်ရှားသူ တဦးပြောသည်။
ဆန္ဒပြသူများသည် အနောက်ဖက်တွင် ချင်းပြည်နယ်၊ မြောက်ဖက်တွင် မြစ်ကြီးနား၊ အရှေ့မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် တောင်ပိုင်းစသည့် အနှံ့အပြားတွင် ဆန္ဒပြနေကြောင်း ဒေသခံ မီဒီယာများနှင့် ဒေသခံများက ပြောသည်။
အင်္ဂါနေ့က အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ နိုင်ငံခြားရေး ဝန်ကြီးများသည် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း ရပ်ရန် မြန်မာစစ်တပ်ကို တောင်းဆိုခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိ ASEAN လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံက အစည်းအဝေးအပြီးတွင် ကြေညာချက်တစောင်ထုတ်ပြန်ပြီး မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်ကြောင်းကြေညာကာ နောက်ထပ်အကြမ်းဖက်မှုများမှ ရှောင်ကျဉ်ရန်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြန်လည်သင့်မြတ်ရန်ပြောသည်။
အဖွဲ့ဝင် တနိုင်ငံချင်းအနေဖြင့် တုံ့ပြန်မှုများလည်းရှိပြီး မလေးရှားက နိုင်ငံခြားရေးဝန်ကြီး ဟစ်ရှမ်မတ်ဒင် ဟူစိန်၏ မိန့်ခွန်းကို လူသိရှင်ကြားထုတ်ပြန်သည်။ သူက အစည်းအဝေးမတိုင်မီက စင်္ကာပူအရာရှိများပြောသည့်အတိုင်း မြန်မာစစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ကြား ရေတွ့ဆုံဆွေးနွေးခြင်းသည် အကျပ်အတည်းဖြေရှင်းရန် အကောင်းဆုံး ဖြစ်ကြောင်းပြောသည်။
“လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကုစားရန်နှင့် နောက်ထပ်တင်းမာမှု မမြင့်မားစေရန် စေ့စပ်ဆွေးနွေးရေး စာပွဲဝိုင်းသို့ ပြန်သွားခြင်းကို စဉ်းစားရန် မြန်မာနိုင်ငံကို တိုက်တွန်းသည်။ တင်းမာမှုများ ဆက်လက်မြင့်မားနေခြင်းသည် အာဆီယံဒေသတွင်းသို့ ပြည်ပကျူးကျော်စွက်ဖက်မှုကို ဖိတ်ခေါ်နေခြင်းဖြစ်သည်” ဟု ဟစ်ရှမ်မတ်ဒင်ပြောသည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်၏ ပြောကြားချက်များသည်လည်း ယခုရက်ပိုင်းအတွင်း မြန်မာအကျပ်အတည်းအပေါ် စင်္ကာပူက ပြောကြားနေသည့်အတိုင်း အလားတူပြင်းထန်သည်။
“တတ်နိုင်သမျှထိန်းချုပ်ဖို့၊ လူသေစေတဲ့ လက်နက်ကို မသုံးဖို့ နဲ့ နောက်ထပ် အကြမ်းဖက်သွေးထွက်သံယိုမဖြစ်ဖို့ အခိုင်အမာ လုပ်ဆောင်ဖို့ စကားနဲ့သာမက အလုပ်နဲ့ပါ ကတိပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို စင်္ကာပူနိုင်ငံက တောင်းဆိုတယ်” ဟု ဘာလာခရစ်ရှ်နန်က အစည်းအဝေးတွင်ပြောကြောင်း မိန့်ခွန်းထုတ်ပြန်ကြေညာချက်အရ သိရသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်များက ဆန္ဒပြသူများကို အကြမ်းဖက်မှု မြင့်မားလာနေသောကြောင့် ဗြိတိန်နိုင်ငံက မြန်မာ စစ်အာဏာသိမ်းမှုနှင့်ပ တ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို သောကြာနေ့တွင် ကျင်းပရန် တောင်းဆိုနေသည်ဟု သံတမန်သတင်းရပ်ကွက်များက AFP သတင်းဌာနသို့ပြောကြောင်း သိရသည်။
ထိုအစည်းအဝေးကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်ုးစုကြည် စစ်တပ်က ဖြုတ်ချပြီးနောက် ကျင်းပသည့်အတိုင်း ဂရင်းနစ်စံတော်ချိန် ညနေ ၃ နာရီတွင် တံခါးပိတ်ကျင်းပမည်ဖြစ်ကြောင်း လန်ဒန်၏ အဆိုပြုချက်တွင် ဖေါ်ပြထားသည်ဟု ထိုသတင်းရင်းမြစ်ကပြောသည်။
ထုံးစံအားဖြင့် လုံခြုံရေးကောင်းစီတွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခြင်းကို စိတ်အားထက်သန်ခြင်း မရှိလှသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က လုံခြုံရေးကောင်စီအဖွဲ့ဝင်များအကြား ယေဘုံယျ သဘောတူညီချက်တခုရှိကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးတခုကို မကြာမီကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းက ဆိုသည်။
You may also like these stories:
ဖမ်းခံရသည့် ရန်ကုန်သတင်းထောက်တချို့ ကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ
အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို