ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲနှင့် စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းမှ စတင်ကာ ရဲနှင့် စစ်တပ်က သုဓမ္မာလမ်းမတလျှောက် ဆန္ဒပြ ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ မှုကြောင့် မြောက်ဥက္ကလာ၂ ရပ်ကွက် အတွင်းသို့ ရေသန့်လာပို့သည့် ၂၈ နှစ်အရွယ် ကိုမင်းဦးသည် ဆီးစပ် ကျည်ထိ မှန်ကာ စတင် သေဆုံးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကျောက်ရေတွင်းတံတားမှ ရဲနှင့်စစ်တပ်က နေရာယူပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူများ ထပ်မံ သေဆုံးခဲ့ရသည်။
ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တခုက ဧရာဝတီသို့ သေဆုံးသူ ၁၅ ဦးထိ ရှိကြောင်း အတည်ပြုပေးသည်။
မြောက်ဥက္ကလာပတွင် ပစ်ခတ်မှုများမှာ တချက်ခြင်း မဟုတ်ဘဲ အတွဲလိုက် ပစ်ခတ်မှုများပါ ရှိလာကြောင်း မျက်မြင်တွေ့ရှိ သူများက ဆိုသည်။
မြောက်ဥက္ကလာ ဒေသခံတဦးက “တခြားမြို့နယ်တွေမှာ ပစ်သလို တချက်ချင်းပစ်တာ မဟုတ်ဘူး။ အတွဲလိုက် ပစ် တာ။ စမ်းချောင်းတို့ ကမာရွတ်တို့မှာက တချက်ချင်း တချက်ချင်းပဲ အသံကြားတာ အခုဟာက တိုက်ပွဲဖြစ်သလို အတွဲ လိုက်ကိုပစ်တာ” ဟု ပြောဆိုသည်။
ယနေ့ မတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ ရဲနှင့် စစ်တပ်က နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် မုံရွာတွင် ၅ ဦး၊ မန္တလေးတွင် ၃ ဦး၊ စလင်းတွင် ၂ ဦး၊ မြင်းခြံတွင် ၁ ဦး၊ မကွေးတွင် ၁ ဦး၊ ကလေးတွင် ၁ ဦး၊ မော်လမြိုင်တွင် ၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်သည်။
ယနေ့ မတ်လ ၃ ရက် တနေ့တည်း သေဆုံးသူ အနည်းဆုံး ၂၉ ဦး သေဆုံးကြောင်း အတည်ပြုနိုင်သည်။
You may also like these stories:
ဆန္ဒပြသူ အနည်းဆုံး ၁၄ ဦး ပစ်သတ်ခံရ
မုံရွာသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၅ ဦး သေဆုံး
ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်