PR စနစ် ကျင့်သုံးရန် NLD နှင့် အနိုင်ရ တိုင်းရင်းသား ပါတီများ လက်မခံ
ရွေးကောက်ပွဲများတွင် မဲအများဆုံးနိုင်သူ အနိုင်ယူစနစ် (First Past The Post System- FPTP) ကို ပယ်ဖျက်ပြီး အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System-PR) ကျင့်သုံးရန် လက်ခံမည် မဟုတ်ကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) နှင့် ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသား ပါတီများက ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လူထု၏ မဲဆန္ဒ ၈၃ ရာခိုင်နှုန်းကျော် ရရှိထားသည့် NLD ပါတီ ၏ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က “ပြည်သူလူထုတွေကလည်း PR ကို ကျင့်သုံးဖို့အတွက် အဆင်သင့် မဖြစ်သေး ပါဘူး။ ပြီးတော့ တပ်မတော်သားတွေ လွှတ်တော်တွင်း ရှိနေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်သေးသရွေ့PR စနစ်နဲ့ သွားဖို့ ကျမတို့ မထောက်ခံပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က PR စနစ်အား ပြောင်းလဲကျင့်သုံးရန် အတွက် မည်သည့်အချိန်တွင် စတင် အသုံးပြုသင့်ကြောင်း အကြံပြုချက်များကို ပေးပို့ရန် နိုင်ငံရေးပါတီများထံသို့ တောင်းထား သည်။
ထိုသို့ တောင်းဆိုရခြင်းမှာ ဖေဖော်ဝါရီ ၂၆ ရက်က အနိုင်ရပါတီကြီးများ မပါဝင်ဘဲ နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တွေ့ဆုံသည့် အစည်းအဝေး၌ PR စနစ် ပြောင်းလဲ ကျင့်သုံးရန် အကြံပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု စာထဲတွင် ရေးသားထားသည်။
ဒေါ်ခင်စန်းလှိုင်က “နောက်ရွေးကောက်ပွဲမှာ PR စနစ်နဲ့ သွားဖို့ လုပ်နေတယ်လို့ ကျမတို့ နားလည်ပါတယ်။ မြန်မာနိုင်ငံမှာ က PR စနစ်နဲ့ သွားဖို့က အဆင်သင့် မဖြစ်သေးပါဘူး။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်တုန်းကလည်း ဒီကိစ္စတင်ခဲ့တာ ပဲ။ အဲဒီတုန်းကလည်း လွှတ်တော်က သဘောမတူခဲ့ပါဘူး” ဟု ပြောသည်။
အင်အားကြီး တိုင်းရင်းသား ပါတီတခုဖြစ်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်အတွက် ၁၅ နေရာ၊ ပြည်နယ် လွှတ်တော်အတွက် ၂၇ နေရာ အနိုင်ရရှိထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က UEC တောင်းဆိုသည့် စာကို ရရှိသော်လည်း အကြောင်းပြန်မည် မဟုတ်ဟု ပြောသည်။
SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ကျနော်တို့က စစ်ကောင်စီကို အသိအမှတ် မပြုတဲ့အတွက်ကြောင့် သူတို့ခေါ်တဲ့ အစည်းအဝေး မတက်သလို အခုလည်း သူတို့တောင်းဆိုတဲ့ PR ကိစ္စဆိုတာလည်း ပြန်ကြားဖို့ တစုံတရာ မရှိ ပါဘူး” ဟု ပြောသည်။
တအန်း လူထုကြားတွင် ထောက်ခံမှုရှိကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၌ ၅ နေရာ၊ ပြည်နယ် လွှတ်တော်၌ ၇ နေရာ အနိုင်ရထားသည့် တအန်းအမျိုးသားပါတီ (TNP) ကလည်း UEC ၏ စာကို မရရှိသေး သော်လည်း PR စနစ်ကို လက်ခံမည် မဟုတ်ဟု ပြောသည်။
TNP နာယက ဦးအိုက်မုန်းက “PR စနစ်က ကျနော်တို့ တိုင်းရင်းသား ဒေသမှာတော့ မသင့်လျော်သေးဘူး။ ဒီစနစ်က အမျိုး မျိုးရှိတယ်။ ကျနော်တို့ ဒေသတွေမှာက စာမတတ်တဲ့ မဲဆန္ဒရှင်တွေ များတယ်။ PR စနစ် ကျင့်သုံးမယ်ဆို ရွေးချယ်မှု မှန် ကန်ဖို့ လိုတယ်။ နာမည်တွေ အခေါ်အဝေါ်တောင် စာမဖတ်တတ်တော့ အလွဲလွဲအမှားမှားတွေ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။
မဲအများဆုံးနိုင်သူ အနိုင်ယူစနစ် မဟုတ်ဘဲ အချိုးကျစနစ် ပြောင်းလဲကျင့်သုံးပါက ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါ တီများ အနေဖြင့် လွှတ်တော်တွင်း ပါဝင်နိုင်မှု အားနည်းသွားမည်ဟုလည်း ဦးအိုက်မုန်းက ပြောသည်။
PR စနစ်သည် လွှတ်တော်တွင်း လူများစုက ရွေးချယ်သည့် ပါတီကြီးတခုတည်းသာ နေရာယူပြီး တပါတီအာဏာရှင်စနစ် မကျင့်သုံးစေရန်၊ မဲအနည်းငယ်သာ ရသော်လည်း လူနည်းစုကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများလည်း လွှတ်တော် တွင်း ပါဝင်လာနိုင်စေရန်၊ လွှတ်တော်တွင်း ဆွေးနွေးထောက်ပြမှု ပိုအားကောင်းစေရန် ဆောင်ရွက်မည့် စနစ်ဖြစ်သည်။
တကမ္ဘာလုံးတွင် PR စနစ် ကျင့်သုံးနေသည့် နိုင်ငံပေါင်း ၂၀ ကျော် ရှိသော်လည်း တနိုင်ငံနှင့် တနိုင်ငံ၏ နည်းစနစ်များမှာ တူညီကြခြင်း မရှိပါ။
လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် FPTP စနစ်သည် မဲဆန္ဒနယ်တခုတွင် လူထု၏ မဲအများဆုံး ရရှိသည့် ကိုယ်စား လှယ်လောင်းက လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့် စနစ်ဖြစ်သည်။
PR စနစ်သည် ကိုယ်စားလှယ်ပေါ်တွင် မမူတည်ပဲ နိုင်ငံရေးပါတီများ၏ အနိုင်ရရှိမှု ရာခိုင်နှုန်းပေါ် မူတည်ကာ လွှတ်တော် တွင်း ကိုယ်စားလှယ် ရရှိမည့် စနစ် ဖြစ်သည်။
ရွေးကောက်ပွဲ တခုတွင် မဲ ရာခိုင်နှုန်းအလိုက် အနိုင်ရရှိသည့် ပါတီများက ရာခိုင်နှုန်း အချိုးအစားလိုက် လွှတ်တော်တွင်း ကိုယ်စားလှယ် အချိုးကို ရရှိမည် ဖြစ်သည်။
လူထုကလည်း မဲပေးရာတွင် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ခြင်း သို့မဟုတ် နိုင်ငံရေးပါတီများကို မဲပေးရွေးချယ်ရခြင်း များ ပြုလုပ်ရမည် ဖြစ်သည်။
နိုင်ငံတကာတွင် PR စနစ်ကို အသုံးပြုခြင်းကြောင့် မဲအများဆုံး အနိုင်ရသည့် ပါတီကြီးတခုတည်းမှ တပါတီအာဏာရှင် စနစ်ဖြင့် ဆောင်ရွက်၍ မရပဲ အပြန်အလှန် ထိန်းကျောင်းနိုင်သည့် စနစ်ဖြစ်လာသည့် အားသာချက် ရှိသော်လည်း လူထု က မဲပေးရာတွင် ရှုပ်ထွေးခြင်း၊ ပါတီကိုသာ ဦးတည်ရွေးချယ်ရသဖြင့် လူထုက ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ခွင့် မရှိသည့် စသည့် အားနည်းချက်များလည်း ရှိသည်။
ထို့ပြင် ပြည်နယ်တခုရှိ လူမျိုးစု တခုကိုသာ ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများအနေဖြင့် ရာခိုင်နှုန်းအရ ပြန်ရေတွက်ပါက လွှတ်တော်တွင်း ကိုယ်စားလှယ် ရနိုင်ရန် အခွင့်အလမ်းနည်းသွားမည်ကို စိုးရိမ်မှုများရှိသည်။
ဦးအိုက်မုန်းသည်လည်း PR စနစ် ကျင့်သုံးပါက တိုင်းရင်းသားပါတီများ လွှတ်တော်တွင်း ပါဝင်လာနိုင်မှု အားနည်းမည်ကို စိုးရိမ်ရသည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းမှာ ရွေးကောက်ခံ မဟုတ်သည့် တပ် မတော်သား ကိုယ်စားလှယ်များက နေရာယူထားသည်။
ကျန် ၇၅ ရာခိုင်နှုန်းကိုသာ လူထုက ရွေးကောက်ခံ ရွေးချယ်ခွင့်ရှိပြီး တဖက်တွင်လည်း တပ်မတော်နှင့် မိတ်ဖက်သဘော ရှိသည့် နိုင်ငံရေးပါတီများ ၃၀ ကျော်ရှိနေသဖြင့် PR စနစ် ကျင့်သုံးပါက ဒီမိုကရေစီအင်အားစုများ၏ အင်အားယုတ်လျော့ မည် ဟူသည့် သုံးသပ်မှုများလည်းရှိသည်။
ကချင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးသမားတဦးက “နဂိုလည်း ၂၅ ရာခိုင်နှုန်း ရထားတယ်။ ဒါကို PR စနစ် ထပ်ကျင့်သုံးမယ်ဆိုရင် ဥပမာ USDP ဆို တပ်နဲ့ သူ့အသိုင်းအဝိုင်းက ထောက် ခံမှုကြောင့် NLD ပြီးရင် ဒုတိယ အများဆုံးနိုင်တယ်။ လူထု မရွေးချယ်လည်း ရာခိုင်နှုန်းအရ လွှတ်တော်ထဲ နေရာရမယ်။ ပြီးတော့ PR စနစ်က အရမ်း ရှုပ်ထွေးပါတယ်။ လက်ရှိ စနစ်မှာတောင် ပြဿနာတွေ ရှိနေတာ။ ဒါ သက်သက် နိုင်ငံရေး ကစားတယ်လို့ပဲ ကျနော်က မြင်တယ်” ဟု ပြောသည်။
ကယားပြည်နယ်တွင် လူထု ထောက်ခံမှု ရရှိကာ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၃ နေရာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကလည်း PR စနစ်သည် မြန်မာနိုင်ငံနှင့် အဆင်ပြေလိမ့်မည် မဟုတ်ဟု ပြောသည်။
KySDP ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က “စာတော့ လက်ခံရရှိတာ မရှိသေးပါဘူး။ လူနည်းစု၊ လူများစုပြဿနာ တွေလည်း ရှိနေတော့ ဒီစနစ်က သိပ်အဆင်ပြေမယ် မထင်ပါဘူး။ ဒါက သေချာညှိနှိုင်းတဲ့အခါမှပဲ ပြောလို့ ရမယ်လို့ ယူဆ ရပါတယ်” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် လက်ထက်၂၀၁၄ ခုနှစ်ကလည်း PR စနစ်ကို ကျင့်သုံးရန် လွှတ်တော်များတွင် ဆွေးနွေးခဲ့ရာ အမျိုးသား လွှတ်တော်တွင် အတည်ပြုပြီး ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။
ထိုစဉ်ကလည်း NLD က PR စနစ်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့သည့်အပြင် PR စနစ်ရေးဆွဲရေး ကော်မရှင်မှလည်း NLD ကိုယ်စားလှယ်အားလုံး နုတ်ထွက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ အခြေအနေအရ PR စနစ်ကို ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း ပြောဆိုထား ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ PR စနစ် အကြောင်းကို လူထုထံ ရှင်းလင်းပြောပြခြင်းများ၊ လူထု နားလည်အောင် ပြောပြခြင်းများကို NLD ပါတီက လုပ်ဆောင်ခဲ့ဖူးသည်။
ယခုလည်း ဖေဖော်ဝါရီ၂၆ ရက်က အစည်းအဝေးတွင် တက်ရောက်လာသည့် ပါတီများထဲမှ PR စနစ်ကို ကျင့်သုံးရန်တင် ပြသည်ဟုဆိုကာ မည်သည့် အချိန်တွင် စတင် ကျင့်သုံးမည်လဲ ဆိုသည်ကို နိုင်ငံရေးပါတီများထံမှ သဘောထား ကောက်ယူနေခြင်း ဖြစ်သည်။
စစ်ကောင်စီက ဖွဲ့စည်းသည့် UEC ခေါ်ယူသည့် အစည်းအဝေးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မိတ်ဖက်ပါတီများ၊ တိုင်းရင်းသားပါတီများ စုစုပေါင်း ၅၁ ပါတီ တက်ရောက်ခဲ့ပြီး ပါတီကြီးများ ဖြစ်သည့် NLD ၊ SNLD အပါ အဝင် ပါတီပေါင်း ၃၈ ပါတီက တတ်ရောက်ခဲ့ခြင်း မရှိပါ။
NLD၊ SNLD ၊ KySDP နှင့် နိုင်ငံရေး ပါတီအချို့မှာ စစ်ကောင်စီ ဖွဲ့စည်းသည့် UEC ကို အသိအမှတ် မပြုခြင်း၊ လူထု မထောက်ခံသည့် စစ်ကောင်စီ၏ လက်တံများကို အသိအမှတ် မပြုသည့်အနေဖြင့် ဖေဖော်ဝါရီ၂၆ ရက်ကလည်း အစည်း အဝေး မတက်ခဲ့ကြပါ။
You may also like these stories:
ရွေး/ကော်အဖွဲ့သစ် ဖိတ်ကြားသည့် အစည်းအဝေး SNLD မတက်
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ဖိတ်ကြား
အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ
စစ်တပ်နှင့်ရဲ အကြမ်းဖက်မှုအပေါ် နိုင်ငံတကာက ရှုတ်ချ၊ တရုတ်နှင့် အာဆီယံ တိတ်ဆိတ်နေ