စစ်တပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့်အညီ ကြက်ခြေအနီ စေတနာလုပ်အား ရှင်များကို လေးစားရန်နှင့် ပစ်မှတ်မထားရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံမြို့ကြီးများ၌ နိုင်ငံတကာ အသိအမှတ်ပြု ကြက်ခြေနီအလံနှင့် အသင်း၏ အရေး ပေါ် လူနာတင်ယာဉ်များကို စစ်တပ်နှင့် ရဲက ဖျက်ဆီးခံရခြင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ စေတနာရှင် လုပ်အားရှင်များ တိုက်ခိုက်ခံရ ခြင်းနှင့် မှားယွင်းစွာ ဖမ်းချုပ်ခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
“သူတို့ကတော့ ရှင်းတယ်၊ ပစ်တယ်။ လူစုခွဲတယ်။ ကြက်ခြေနီအမှတ်အသားကိုလည်း နားမလည်တာ ဖြစ်မှာပေါ့။ ကြက်ခြေနီတံဆိပ်၊ သူ့ရဲ့ ဝတ်စုံ ဒါတွေကို သူတို့ နားမလည်တာလည်း ဖြစ်ကောင်း ဖြစ်မယ်ပေါ့” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောသည်။
ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြနေသူများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ရာတွင် ကြက်ခြေနီ အမှတ်တံဆိပ်ပါ လူနာတင်ယာဉ်များနှင့် လူနာသယ်ဆောင်သူ၊ ပြုစုနေသူများကိုပါ ပစ်ခတ်တိုက် ခိုက်မှုများ ရှိခဲ့သည်။
နားလည်မှု လွဲမှားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ရန်အတွက် ကြက်ခြေနီအသင်းဝင်များနှင့် စေတနာဝန်ထမ်းလုပ်အားရှင် များအနေဖြင့်လည်း ပဋိပက္ခဖြစ်စဉ်များတွင် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ ကြက်ခြေ နီအသင်းမှ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည်။
“အသင်းဝင်တွေလို့ ဆိုပေမယ့် အဓိက ကူညီတာက စေတနာလုပ်အားရှင်တွေ၊ သူတို့တွေ လိုက်နာနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ အဲဒီအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင်များအပြင် ပြည်သူများ ဆန္ဒပြရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆရာဝန်များ၊ ပရဟိတအသင်းအဖွဲ့များကိုလည်း စစ်တပ်နှင့်ရဲက အကြမ်းဖက်မှုများရှိနေခြင်း၊ လူနာတင်ယာဉ်များကို ဖျက်ဆီးခြင်း၊ ပရိဟိတ ဝန်ထမ်းများကို အကြမ်းဖက် ရိုက်နှက်မှုဖြစ်စဉ်များလည်း လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုဖိုင်များဖြင့် ပျံ့နှံ့လျက် ရှိသည်။
မတ်လ ၃ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်တွင် စစ်တပ်က လူနာတင်ယာဉ်ပေါ်ရှိ စေတနာ့ဝန်ထမ်း လုပ်အား ရှင်များကို သေနတ်ဖြင့် ချိန်ရွယ်ဆင်းခိုင်းပြီး သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ နံပါတ် တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်းများ ထပ်မံ ပြုလုပ်ခဲ့သည်။
ထို့ပြင် နာရေးကူညီမှုအသင်းရုံးကို စစ်ကောင်စီတပ်ဖွဲ့က ညပိုင်းအချိန်တွင် ဝင်ရောက် စီးနင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
မြောက်ဥက္ကလာတွင် ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် ၁၅ ဦး သေ
မုံရွာသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၅ ဦး သေဆုံး
ကလေးမြို့ ဆန္ဒပြလူထု ပစ်ခတ်နှိမ်နင်းခံရပြီး ၁၂ ဦးဒဏ်ရာရ