ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် အရေးယူပိတ်ဆို့မှုမျာနှင့် အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိကြောင်း မြန်မာစစ်တပ်ကပြောသည်ဟု ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက မတ်လ ၃ ရက်နေ့တွင် ပြောကြားလိုက်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရန် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း တိုက်တွန်းလိုက်သည်။
ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းသောကြောင့် ယမန်နေ့ ဗုဒ္ဓဟူးနေ့တွင် လူ ၃၈ ဦး ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ပြောကြားလိုက်သဖြင့် ထိုနေ့သည် အာဏာသိမ်းမှုနောက်ပိုင်း သွေးထွက်သံယို အများဆုံးနေ့ဖြစ်သွားသည်။
ရှရနာဘာဂနာသည် သောကြာနေ့တွင် လုံခြုံရေးကောင်စီ၌ ရှင်းလင်းတင်ပြရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးလိုက်ပြီးနောက် အခြေအနေမှာ ဖရိုဖရဲဖြစ်နေသည်။ NLD သည် နိုဝင်ဘာလက ကျင်းပသည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် မဲ မသမာမှုရှိသည်ဟု စစ်တပ်က စွပ်စွဲသည်။ ထိုရွေးကောက်ပွဲသည် သမာသမတ်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအများအပြားထံမှ ပစ်ပယ်မှုများနှင့် ပြင်းထန်သော အရေးယူမှုများကို ရင်ဆိုင်ရနိုင်ကြောင်း ရှရနာ ဘာဂနာက မြန်မာစစ်တပ် ဒုတိယအကြီးအကဲ နှင့်ဆွေးနွေးစဉ်က သတိပေးခဲ့ကြောင်းပြောသည်။
“ကျနော်တို့က အရေးယူပိတ်ဆို့တာ ခံဘူးတယ်။ ကျနော်တို့ ဆက်လက် ရပ်တည်နိုင်ခဲ့တယ်” ဟု မြန်မာစစ်တပ် ဒုတိယအကြီးအကဲက ပြန်လည်ဖြေကြားခဲ့ကြောင်း နယူးယောက်ရှိ သတင်းထောက်များကို ရှရနာ ဘာဂနာပြောသည်။
“သူတို့တွေ အထီးကျန်နေထိုင်ရလိမ့်မယ်လို့ ကျမက သတိပေးတော့ ကျနော်တို့က မိတ်ဆွေနည်းနည်းလေးနဲ့ ဆက်လျှောက်ဖို့ လေ့လာထားတယ် လို့ သူကပြန်ပြောတယ်” ဟုလည်း ရှရနာ ဘာဂနာပြောသည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့သည် စစ်တပ်နှင့် ၎င်း၏ စီးပွားရေး မဟာမိတ်များကို ဖိအားပေးရန် အရေးယူပိတ်ဆို့မှုများ အကောင်အထည်ဖေါ်ထားသည် သို့မဟုတ် စဉ်းစားသုံးသပ်နေကြသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံသည် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာသောကြောင့် စိုးရိမ်ကြောင်းပြောသော်လည်း တရုတ်နှင့် ရုရှားနိိုင်ငံတို့၏ ကန့်ကွက်မှုကြောင့် လွန်ခဲ့သောလက အာဏာသိမ်းခြင်းကို ရှုတ်ချနိုင်ခြင်း မရှိပေ။ ထိုနှစ်နိုင်ငံက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသည် ပြည်တွင်းရေး ကိစ္စသာဖြစ်ကြောင်း မြင်ကြသည်။ လုံခြုံရေးကောင်စီ၏ မည်သည့်အရေးယူမှုမဆိုသည် ကြေညာချက်ထုတ်ပြန်ခြင်းသာ ဖြစ်နိုင်ကြောင်း သံတမန်များက ပြောသည်။
“ဒါဟာ ပြည်တွင်းရေးကိစ္စသာမက ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်တယ်ဆိုတာကို သူတို့ အသိအမှတ်ပြုဖို့ ကျမမျှော်လင့်တယ်” ဟု တရုတ်နှင့် ရုရှားတို့နှင့်ပတ်သက်ပြီး ရှရနာ ဘာဂနာပြောသည်။
မြန်မာစစ်တပ်ဒုတိယအကြီးအကဲက တနှစ်ကြာလျှင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သူမကို ပြောသည်ဟု ဆိုသည်။
ရှရနာဘာဂနာသည် မြန်မာစစ်တပ် ဒုတိယအကြီးအကဲနှင့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က နောက်ဆုံး ဆွေးနွေးခဲ့ပြီး ယခုအခါ စာဖြင့်သာ ရေးသားဆက်သွယ်နေရသည်။
” ကျမအမြင်မှာတော့ သူတို့ရဲ့ နည်းပရိယာယ်က NLD က လူတွေကို ထောင်ထဲ့ထည့်ဖို့ပဲ” ဟုလည်း သူပြောသည်။
“နောက်ဆုံးကျတော့ NLD ကို ပိတ်ပင်တားမြစ်ပြီး သူတို့လူတွေနိုင်မယ့် ရွေးကောက်ပွဲကျင်းပပြီး သူတို့အာဏာကို ဆက်လက်ထိန်းချုပ်မယ်” ဟု သူပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများပေါ်ပေါက်လာသောကြောင့် စစ်တပ်သည် လွန်စွာ အံ့သြသွားသည်ဟု သူယူဆကြောင်း ရှရနာဘာဂနာပြောသည်။
“ဒီနေ့ ကျမတို့မှာ လွတ်လပ်မှုနဲ့ ဆယ်နှစ်လောက်နေထိုင်ခဲ့တဲ့ လူငယ်တွေ ရှိတယ်။ သူတို့မှာ လူမှုကွန်ရက်ရှိတယ်၊ သူတို့က စနစ်တကျဖွဲ့စည်းထားပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်” ဟု သူပြောသည်။
“သူတို့က အာဏာရှင်စနစ်နဲ့အထီးကျန်ခြင်းဆီ ပြန်မသွားချင်ဘူး” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်