သတင်း

ရခိုင်၌ ပထမဆုံးသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဂွမြို့နယ်တွင် ဖွဲ့စည်း

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ပထမဆုံးသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)ကို ဂွမြို့နယ်တွင် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းလိုက်သည်။

မတ်လ ၃ရက်နေ့ ထုတ်ပြန်သည့် ဂွမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် အနိုင်ရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ မြို့မိမြို့ဖ ၅ ဦး၊ CDM ဝန် ထမ်း ကိုယ်စားလှယ် ၃ ဦး၊ ဥပဒေပညာရှင် ၁ ဦး၊ တောင်သူလယ်သမား/အလုပ်သမား ကိုယ်စားလှယ် ၁ ဦး၊ လူမှုရေး ကိုယ်စားလှယ် ၃ ဦး၊ လူငယ်ကိုယ်စားလှယ်၂ ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဂွမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက “ကျနော်တို့ မြို့နယ်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက အကြမ်း ဖက်မှု ဖြစ်စဉ်တွေ၊ ရာဇဝတ်မှုတွေ တော်တော်များများ ဖြစ်ပေါ်နေပါတယ်။ ဒီလို အခြေအနေမှာ ကိုယ့်လုံခြုံရေး၊ အများ ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး မပျက်စီးသွားအောင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ပြီးတော့ ဆောင်ရွက်ရ တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအား ဥပဒေမဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု များ၊ ရိုက်နှက်မှုများ၊ ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများဖြင့် တိုင်းပြည်၏ အေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးလျက် ရှိသဖြင့် ဂွ မြို့နယ် အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အဆင့်ဆင့်၌ ဖွဲ့ စည်းရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၂၂ ရက်တွင် စာတစောင် ထုတ်ပြန် ပြီးနောက် မြို့နယ်အများစုတွင် ထိုကဲ့သို့ အကောင်အထည် ဖော်လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၌မူ ဂွမြို့နယ်သည် ပထမဆုံး ဖြစ်သည်။

CRPH သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၃၉၈ ဦး ပါဝင် ကိုယ်စားပြုသည့် ကော်မတီ ဖြစ်သည်။

CRPH က လမ်းညွှန်ပေးထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန် ၁၀ ချက်အနက် စစ်အာဏာရှင်၏ အမိန့် အာဏာများကို ဖီဆန်နေသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများကို ကူညီကာကွယ်ပေးရန်၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ CDM လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများ အထောက်အပံ့ လိုအပ်ပါက ချိတ်ဆက်ဆောင်ရွက်ရန်၊ နယ်မြေအလိုက် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ရန်၊ ဆန္ဒပြမှုများ ပြုလုပ်ရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြရေး ထိန်းကျောင်းပေးရန်တို့ ပါဝင်သည်။

ထို့ပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရပ်ကွက်၊ ကျေးရွာတွင်း လူထု၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ် များအတွက် ပြည်သူများထံသို့ စဉ်ဆက်မပြတ် သတင်းပေးပို့ခြင်း၊ လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ က ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသာ လိုက်နာကျင့်သုံးခြင်းနှင့် စစ်အုပ်စုက ထုတ်ပြန် သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်အားလုံးကို ဆန့်ကျင်ဖီဆန်သွားရမည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ် ရှိသည့်အနက် ဂွ မြို့နယ် အပါအဝင် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်များ၌သာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

You may also like these stories:

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် စတင်

မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ

တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading