ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ သံရုံးဝန်ထမ်း ၁၃ ဦးသည် စစ်ကောင်စီ၏ အမိန့်ညွှန်ကြားချက်ကို ငြင်းပယ်သည့် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြောင်း အဆိုပါ ဝန်ထမ်းများထံက သိရသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်လာသော သံရုံးဝန်ထမ်းများမှာ အမေရိကန်နိုင်ငံမှ ၇ ဦး၊ ဂျာမနီနိုင်ငံမှ ၃ ဦးနှင့် ဆွစ်ဇာလန်နိုင် ငံတို့မှ ၃ ဦးတို့ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှ CDM လှုပ်ရှားမှုတွင် ပါဝင်လာသော သံရုံးဝန် ထမ်းဖြစ်သူ ဦးကျော်စွာထွန်းက ဧရာဝတီသို့ ပြောသည်။
၎င်းအပါအဝင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ ဦးဇင်ဖုန်းတင့်၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်နှင့် ဒေါ်စုစုအောင်တို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်လာခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့မှ မြန်မာကောင်စစ်ဝန် ဦးအောင် ကျော်နိုင်နှင့် မြန်မာသံရုံးအုပ် ဒေါ်မြမြကြည်တို့လည်း လှုပ်ရှားမှုတွင် ပါဝင်လာခြင်း ဖြစ်ကြောင်းသိရသည်။
ဒေါ်မြမြကြည်က နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ၂၈ ရက်တွင် ညွှန်ကြားလိုက်သော ပြောင်းရွှေ့မိန့်သည် တရား မဝင်သဖြင့် ၎င်းအနေနှင့် မပြောင်းရွှေ့နိုင်ကြောင်း ပြောဆိုထားသည်။
မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်ထားသော ခေတ္တ နိုင်ငံခြားရေးဝန်ကြီးက ပြောင်းရွှေ့မိန့် ညွှန်ကြားမှသာ ပြောင်းရွှေ့ပေးနိုင်မည် ဖြစ်ကြောင်း၊ အာဏာသိမ်းစစ်အုပ်စု ကျဆုံး စေရန် ရည်ရွယ်ကာ CDM လှုပ်ရှားမှုတွင် ပူးပေါင်းလာခြင်းဖြစ်ပြီး အလုပ်မှ နုတ်ထွက်ခြင်း မဟုတ်ကြောင်း ရေးသားထား သည်။
ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ ဦးကျော်စွာထွန်းကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို လေးစားပြီး နိုင်ငံတော် အာဏာကို ပြည်သူများထံ ပြန်လည် အပ်နှံရေး တောင်းဆိုကြောင်း ပြောဆိုထားသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းသည် မြန်မာနိုင်ငံသားတယောက်၏ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး ရာထူးမှ နုတ်ထွက်ခြင်း လုံးဝ မဟုတ်ကြောင်း ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။
ဂျာမနီနိုင်ငံဘာလင်မြို့ရှိ၊ မြန်မာသံရုံးမှ သံရုံး စာရေးဖြစ်သူ ဒေါ်မြတ်ဇာဇာခိုင်၊ တတိယအတွင်းဝန် ဒေါ်ချောကလျာနှင့် တတိယအတွင်းဝန် ဦးမျိုးထက်စန်းတို့သည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
ဦးမျိုးထက်စန်းက “ဘာမှ မဟုတ်တဲ့ နေရာလေးကို ပျောက်မှာစိုးလို့ သားနဲ့သမီးအတွက် မုဆိုးဖို ဘဝနဲ့ ရုန်းကန်နေခဲ့ရ တာ၊ ဒီနေ့တော့ ဆုံးဖြတ်လိုက်ရပါပြီ” ဟု ၎င်း CDM လုပ်ရန်ဆုံးဖြတ်လိုက်ရခြင်းနှင့် ပတ်သက်၍ ရေးသားထားသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ပထမအတွင်းဝန် ဒေါ်ထွေးတြာ နန္ဒီ၊ ပထမအတွင်းဝန် ဒေါ်ခိုင်စန္ဒီဝင်းမင်းနှင့် ဒုတိယ အတွင်းဝန် ဒေါ်ခင်ချမ်းမြေ့တို့ကလည်း ၎င်းတို့အနေနှင့် CDM လှုပ် ရှားမှုတွင် ပါဝင်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။
ပထမအတွင်းဝန် ဒေါ်ခိုင်စန္ဒီဝင်းမင်းက “မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အမှန်တရားနဲ့ ဒီမိုကရေစီတွေအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်နေချင်တဲ့အတွက်ရော၊ ပြည်သူတွေ ရဲ့ CDM လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်စေချင်နေတဲ့ အတွက်ပါ ကျမအနေနဲ့ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လိုက်တာ ဖြစ်ပါ တယ်” ဟုပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်တွင် ဝါရှင်တန် ဒီစီသံရုံးမှ ပထမအတွင်းဝန် ဦးမောင်မောင်လတ်က ရာထူးမှ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံခဲ့သည်။
ယင်းနောက် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုး ထွန်းက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အသိအမှတ်မပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင် သည့် အစိုးရကိုပဲ ဆက်လက် ကိုယ်စားပြုသွားမည်ဟု ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကြေညာခဲ့သည်။
၎င်းက CRPH ကို အသိအမှတ်ပြုပြီး CDM လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောဆိုထားသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုရပ်တည်လိုက်ပြီးနောက် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ သံရုံးဝန်ထမ်း အမြောက်အမြားက CDM လှုပ်ရှားမှုတွင် အင်တိုက်အားတိုက် ပါဝင်လာခြင်းဖြစ်သည်။
CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာ ကလည်း ပြည်ပရှိ မြန်မာသံရုံးများအနေနှင့် အချိန်ကြန့်ကြာမှု မရှိဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်သင့်ကြောင်း၊ တရားမဝင် အာဏာသိမ်းထားပြီး လက်နက်မဲ့ ပြည်သူ များကို သတ်ဖြတ်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချသင့်ကြောင်း မတ်လ ၅ ရက်တွင် ၎င်း၏ Facebook စာမျက်နှာမှ တဆင့် စာရေးသားတိုက်တွန်းထားသည်။
You may also like these stories:
တနိုင်ငံလုံးတွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၆၀၀ ကျော်အထိ ရှိလာ
CDM ပါဝင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒေါက်တာဇော်ဝေစိုး ကြေညာ