သတင်း

စစ်ကိုင်းတိုင်း၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၈၁ ရာခိုင်နှုန်း ဖွဲ့စည်းပြီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ ဖွဲ့စည်းမှု ၈၁ ရာခိုင်နှုန်း ဆောင်ရွက် ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)က မတ်လ ၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိသည့်အနက် မြို့နယ်ပေါင်း ၃၀ (၈၁ ရာခိုင် နှုန်း) တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထား သည်။

စစ်ကိုင်းတိုင်းအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၏ မူဝါဒလမ်းညွှန်ချက်အတိုင်း မြို့နယ်/ကျေးရွာများတွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနေခြင်း ဖြစ်သည်။

ထိုသို့ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် အနိုင်ရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖ၊ CDM ဝန် ထမ်း ကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ လူမှုရေးအသင်းကိုယ်စားလှယ်၊ လူငယ်ကိုယ်စားလှယ်များ ပါဝင်ပြီး မြို့နယ် ပ.အ.ဖ များကတဆင့် ရပ်ကွက်/ကျေးရွာအုပ်စု ပ.အ.ဖ အဖွဲ့များကိုလည်း ဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ဒေသခံ တဦးဖြစ်သူ ကိုဇော်သူရိန်ထွန်းက “CRSH က ခေါင်းဆောင်မှု တော်တော်ပေးနိုင်တယ်။ တချို့ဆို ဖွဲ့လိုက် မှန်းတောင် မသိလိုက်ဘူး။ မုံရွာမှာဆို စဖွဲ့ကတည်းက လူထုထောက်ခံပွဲ အကြီးကြီး ပြုလုပ်ပြီးမှ ဖွဲ့လိုက်တာ။ ဒီလို လူထု ညီလာခံလုပ်ပြီး ဖွဲ့လိုက်တော့ စစ်ကိုင်းတိုင်း ကျန်တဲ့မြို့နယ်တွေကလည်း အုံနဲ့ကျင်းနဲ့ ပါလာတာပေါ့” ဟု ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မရှိတော့သည့် ကာလတွင် မြို့နယ် ပ.အ.ဖ က ဖွဲ့ပေးလိုက်သည့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ များသည် မူလထွေအုပ်က ပေးထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာတော့မည် မဟုတ်ဘဲ မြို့နယ် ပ.အ.ဖ က ထုတ်မည့် ညွှန်ကြားချက်များကိုသာ နာခံပြီး ပြည်သူလူထု၏ လုံခြုံရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

ကိုဇော်သူရိန်ထွန်းက “အဓိက ဖွဲ့တဲ့နေရာမှာ လူသေချာရွေးဖို့ပါပဲ။ ပ.အ.ဖ မှာ ပါဝင်တဲ့သူတွေက သူတို့မှာလည်းအန္တရာယ် ရှိတယ်။ ရှေ့ဆက်ပြီး ဘာဖြစ်မယ်ဆိုတာ မသိဘူး။ တကယ်လို့ တရားစွဲခံရ ဘာညာ ဖြစ်လာခဲ့ပြီ ဆိုရင်လည်း တရားစွဲခံရ မှာ မကြောက်တဲ့သူတွေ၊ နောက်ပြီး ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေနဲ့ ဖွဲ့သင့်တယ်” ဟု အကြံပြုသည်။

ဆက်လက်၍ ၎င်းက “ကျနော် တွေ့သလောက်က တချို့မြို့နယ်တွေမှာ ဖွဲ့တာတွေက လူနာမည်တွေ မပါဘူး။ အဲဒါတွေက တကယ်တမ်း မထိရောက်ဘူး။ အုပ်ချုပ်ရေးအဖွဲ့မှာ ဘယ်သူတွေပါလဲ၊ ဘယ်သူက ခေါင်းဆောင်လဲ ဆိုတာမျိုး ပြတ်ပြတ် သားသား ခေါင်းဆောင်မှု ပေးနိုင်တဲ့သူမျိုးတွေပါမှ အနောက်ကနေလည်း လိုက်လုပ်ကြမှာ” ဟုလည်း ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အဆင့်ဆင့်၌ ဖွဲ့စည်း ရန် CRPH က ဖေဖော်ဝါရီ ၂၂ ရက်တွင် စာတစောင် ထုတ်ပြန်ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး၏ မြို့နယ်အများစု တွင် ထိုကဲ့သို့ အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။

CRPH က လမ်းညွှန်ပေးထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန် ၁၀ ချက်အနက် စစ်အာဏာရှင်၏ အမိန့် အာဏာများကို ဖီဆန်နေသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများကို ကူညီကာကွယ်ပေးရန်၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ CDM လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများ အထောက်အပံ့ လိုအပ်ပါက ချိတ်ဆက်ဆောင်ရွက်ရန်၊ နယ်မြေအလိုက် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ရန်၊ ဆန္ဒပြမှုများ ပြုလုပ်ရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြရေး ထိန်းကျောင်းပေးရန်တို့ ပါဝင်သည်။

ထို့ပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရပ်ကွက်၊ ကျေးရွာတွင်း လူထု၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ် များအတွက် ပြည်သူများထံသို့ စဉ်ဆက်မပြတ် သတင်းပေးပို့ခြင်း၊ လူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ က ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသာ လိုက်နာကျင့်သုံးခြင်းနှင့် စစ်အုပ်စုက ထုတ်ပြန် သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်အားလုံးကို ဆန့်ကျင်ဖီဆန်သွားရမည်ဟုလည်း ဆိုထားသည်။

You may also like these stories:

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် စတင်

ရခိုင်၌ ပထမဆုံးသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဂွမြို့နယ်တွင် ဖွဲ့စည်း

Loading