စစ်အာဏာရှင်နှင့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီတို့ ပူးပေါင်းခြင်းအပေါ် လက်မခံနိုင်သဖြင့် ANP ဗဟိုကော်မတီဝင် တဦး မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် နုတ်ထွက်သွားခဲ့သည်။
အဆိုပါ ပါတီမှ နုတ်ထွက်သွားသူမှာ ANP ပါတီမှ ပေါက်တောမြို့နယ် ဥက္ကဋ္ဌလည်းဖြစ်၊ ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် သူ ဦးတက်ထွန်းအောင်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းမှုအပေါ် လုံးဝ လက်မခံနိုင်သည့်အတွက် ပါတီဗဟိုကော်မတီဝင် အဖြစ်မှသော်လည်းကောင်း၊ ပါတီဝင်အဖြစ်မှ သော်လည်းကောင်း နုတ်ထွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
၎င်းက “ဒီနေ့ ဖြစ်ပျက်နေတာကိုကြည့် လူသတ်မှုတွေ ဖြစ်နေပြီ။ ပါတီထဲမှာ လူ ၄ /၅ ယောက်နဲ့ ပါတီဆုံးဖြတ်ချက် မပါဘဲ ပူးပေါင်းတာဟာ ပါတီကို စော်ကားတာ။ ရခိုင် တမျိုးသားလုံးကို စော်ကားတာလို့ ယူဆတယ်။ အဲဒီအတွက်ကြောင့် ပါတီ ကနေ လုံးဝ အပြီးအပိုင် နုတ်ထွက်လိုက်တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးတက်ထွန်းအောင်သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) စတင် ထူထောင်စဉ်ကတည်းက ပါတီဝင် အဖြစ် ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သော၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊၂၀၁၅ ခုနှစ် တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။
၎င်းက “စစ်အာဏာရှင် သေနတ်ကိုင်ထားတဲ့လူနဲ့ ပေါင်းနေတယ်။ အခု တနိုင်ငံလုံး အတိုင်းအတာနဲ့ လူသတ်မှုတွေ ဖြစ် နေပြီ။ လူတွေ သေနေကြပြီ။ အဲဒီ သေနေကြတာဟာ စစ်ကောင်စီ အမိန့်ပေးတာ။ ငါမပါဘူး၊ သူမပါဘူးဆိုလို့ မရ တော့ဘူး။ အပေါင်းပါ ဖြစ်နေပြီ။ ကျနော်တို့လည်း ပါတီမှာ ရှိနေရင် မပါဘူး ဆိုလို့ မရတော့ဘူး။ ကျနော်လည်း ခေါင်း ဆောင်တယောက် အနေနဲ့ ထောက်ခံသလို ဖြစ်နေတယ်။ တမျိုးသားလုံး ဂုဏ်သိက္ခာ ထိခိုက်တယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။
ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေးမူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ်၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးဖေ သန်းကတော့ ဦးတက်ထွန်းအောင်မှာ ပေါက်တောမြို့နယ် ပါတီဥက္ကဋ္ဌဟောင်းတဦးသာဖြစ်ပြီး မြို့နယ်ဥက္ကဋ္ဌနေရာက ပြုတ် ကျသွားသည့်အတွက် စိတ်အနှောင့်ယှက်များဖြစ်ကာ နုတ်ထွက်ခြင်းသာ ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။
ဦးဖေသန်းက “သူက ဥက္ကဋ္ဌဟောင်းပါ။ ပါတီ CEC မှာလည်း အရွေးမခံလိုက်ရဘူး။ မြို့နယ်မှာလည်း ဥက္ကဋ္ဌက ပြုတ်ချသွား တဲ့အခါ အဲဒီကတည်းက သူ့မှာ နည်းနည်း စိတ်အနှောင့်အယှက်တွေ ဖြစ်နေတယ်လို့ သိရတယ်။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူတယောက် အဘက်ဘက်ကနေ မကျေနပ်ချက်တွေနဲ့ နုတ်ထွက်သွားတယ် ဆိုတာကိုတော့ စိတ်မကောင်း ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းသည့်အတွက် လက်ရှိအချိန်တွင် ပါတီထဲတွင်လည်း ဝေဖန်မှုများရှိသလို ပြည်သူများကြားတွင် လည်း ဝေဖန်တိုက်ခိုက်မှုများ ရှိလာကြောင်း၊ သို့သော်လည်း ဖေဖော်ဝါရီလအတွင်းက မြောက်ဦးမြို့နယ်၌ ကျင်းပခဲ့သော ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင် စစ်ကောင်စီနှင့် ပူးပေါင်းမှုအပေါ် ဆုံးဖြတ်ချက်တခု ချမှတ်ထားသည့်အတွက် ပါတီ ဝင်များအနေဖြင့်လည်း ညီညွတ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဦးဖေသန်းက “မြောက်ဦးမှာ ကျင်းပခဲ့တဲ့ ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ အားလုံးကို ရှင်းပြပြီးသားဖြစ်တယ်။ ကိုယ့်ပြည်နယ်ရဲ့ အကျိုးစီးပွားတွေ၊ ကောင်းကျိုးတွေ ဖြစ်ထွန်းလာမလား၊ မဖြစ်ထွန်းလာဘူးလားဆိုတဲ့ မူကို အချိန်ကာလ အတိုင်းအတာတခုထိ စောင့်ကြည့်ပြီးတော့ ပြန်လည် သုံးသပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချထားတာ ရှိတယ်” ဟု ဧရာဝတီ သို့ ပြောဆိုသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က အာဏာအရပ်ရပ်ကိုရယူပြီး စစ်အာဏာသိမ်းကာ နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်နှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်အေးမောင်တို့ စစ်ကောင်စီတွင် ပူးပေါင်း ပါဝင်ခဲ့သည်။
ထိုသို့ ရာထူး လက်ခံ ပူးပေါင်းပါဝင်သွားသည့်အတွက် ရခိုင်ပြည်သူများကြားတွင်လည်း ပြစ်တင် ဝေဖန်မှုများ မြင့်တက်နေ ဆဲ ဖြစ်သလို ပြီးခဲ့သော ဖေဖော်ဝါရီလ ၇ ရက် ရက်စွဲဖြင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်း ၄၇ ဖွဲ့က ANP အနေဖြင့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်းပါဝင်နေခြင်းအပေါ် ပြန်လည် သုံးသပ်ပြီး လက်ခံခြင်း မပြုရန် တိုက်တွန်း တောင်းဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်
စစ်ကောင်စီတွင် ဦးဇော်အေးမောင်ပါဝင်ခြင်းမှာ ပါတီမူနှင့် ကွဲလွဲမှု မရှိဟု ANP ပြော
ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း