သတင်း

တာမွေမြို့နယ်တွင် ရဲက အိမ်ပေါ်ထိ ရိုက်နှက် ပစ်ခတ် ဖမ်းဆီး

ဆန္ဒပြမှုကို ဖြိုခွင်းသည့် ရဲက တာမွေမြို့နယ် ၁၆၂ လမ်းအတွင်းရှိ တိုက်ခန်းတခုအတွင်းသို့ ဝင်ကာ အဆောင်နေ လူငယ်များကို ရိုက်နှက်ပစ်ခတ် ဖမ်းဆီးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိမ်ထဲသို့ အသံဗုံးများဖြင့် ပစ်သွင်းကာ ရိုက်နှက်ခြင်း၊ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသူများကို ရာဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူငယ်၂ ယောက် ထိခိုက်ဒဏ်ရာရရှိ လွတ်မြောက်ခဲ့ပြီး ၁ ဦးကိုမူ ဒဏ်ရာ များဖြင့်ပင် ဖမ်းဆီးသွားကြောင်း သိရသည်။

ဒဏ်ရာရသူများကို ကူညီပို့ဆောင်ပေးသည့် ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တဦးက “တာမွေ Y တံတားအောက်ကနေ ဝင်ပြီး သမိန်ဗရမ်းလမ်း ၁၆၃ လမ်းထိပ်မှာ ရပ်ပြီးတော့ လမ်းထဲကို ဝင်လာတယ်။ ၁၆၂ လမ်း အိမ်နံပါတ် ၆ ၊ အိမ်အပေါ် အထိ ပထမထပ်ကို တက်ပစ်တာ” ဟု ပြောသည်။

“ပထမထပ်ကို တက်ပြီးတော့ ကလေး ၃ ယောက် အဆောင်ထဲမှာ ရှိတယ်။ ကလေး ၁ ယောက်ကို ကောင်းကောင်း ရိုက်တယ်။ ခေါင်းကွဲတယ်။ အဲဒီကောင်လေးကို ဖမ်းသွားတယ်။ နောက်ကောင်လေး ၂ ယောက်က နောက်ဖေးလမ်းကြား ကို ခုန်ချတယ်” ဟု ၎င်းက ဆက်ပြောသည်။

နောက်ဖေးလမ်းမှ ခုန်ချထွက်ပြေးသူ နှစ်ဦးအနက်တဦးမှာ ခြေသလုံးရိုးနှင့် ခြေသန်း အရိုးများကျိုးသွားပြီး နောက်ဖေး လမ်းကြား အကွယ်တနေရာတွင် ပုန်းလိုက်သည့်အတွက် သေနတ်ဖြင့် ပစ်ခတ် မခံခဲ့ရသော်လည်း ထွက်ပြေးသည့် နောက် တဦးမှာ ရာဘာကျည် ဗိုက်တွင် နှစ်ချက်၊ ခြေထောက်တွင် နှစ်ချက် ထိမှန်ခဲ့ပြီး ဦးခေါင်းတွင် ရာဘာကျည် ရှပ်ထိဒဏ်ရာ ၂ ချက်နှင့် လက်တွင်ပြဲရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် Double Cab ၈ စီးမှာ တာမွေတံတားထိပ်မှ သမိန်ဗရမ်းလမ်းသို့ ကွေ့ဝင်ပြီး ၁၆၃ လမ်းမှ တဆင့် ၁၅၇ လမ်းထိပ်အထိ ဝင်လာသည်ကို တွေ့ရှိသဖြင့် ရပ်ကွက်နေပြည်သူများက နီးစပ်ရာ တိုက်များပေါ် တက်ပြေးကြစဉ် လိုက်လံ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်များမှာ အခန်းတွင်းတွင်ပင် ရှိနေစဉ် ရဲတပ်ဖွဲ့က တံခါးခေါက်သဖြင့် ဖွင့်ပေးရာမှ ယင်းသို့ ရိုက်နှက်၊ ပစ်ခတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ဆန္ဒပြနေတာ မဟုတ်ဘူး။ ဝင်ပြေးတာ မဟုတ်ဘူး။ ဝင်ပြေးတဲ့သူက အပေါ်ထပ်တက်သွားတာ။ ဝင်ပြေးတာ လည်း ရပ်ကွက်ထဲကပဲ။ ဝင်လာပြီး ရမ်းကားနေလို့ တက်ပြေးတာ။ ကလေးတွေက ပြေးတဲ့သူတွေ တံခါးခေါက်တယ် ထင် လို့ ဖွင့်ပေးလိုက်တာ” ဟု မျက်မြင်တွေ့ရှိရသူတဦးက ဆိုသည်။

အလားတူပင် စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အတွင်းလမ်းများသို့ ဝင်ကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့က ရိုက်နှက်ကန် ကျောက်မှုများ ရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေ သော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ၊ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး သေဆုံးသူ ၅၀ ကျော်ရှိနေပြီ ဖြစ်သည်။

You may also like these stories:

ပူတာအိုတွင် ဖမ်းဆီးခံရသည့် လူငယ် ၅ ဦး ငွေ ၁ သိန်းစီ ဒဏ်ဆောင်စေ၍ ပြန်လွှတ်ပေး

ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းမဖက်ဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

Loading