ကချင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်း ၅၄ ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု တခုဖြစ်သော အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ထပ်မံ ပါဝင်လာကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်း ၅၄ ဦးမှာ မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်တို့မှ ဥပဒေရုံး အရာရှိ ၃ ဦး၊ ဝိုင်းမော်မြို့နယ်မှ ရဲတပ်ကြပ် ၁ ဦး၊ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၈ ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၅ ဦးနှင့် မြစ်ကြီးနားမြို့နယ် သမဝါယမ ဦးစီးဌာနမှ ၇ ဦးတို့ ဖြစ်သည်။
မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၁၈ ဦးသည် မတ် ၅ ရက် ညနေပိုင်းမှစ၍ CDM တွင် ပါဝင် လာခြင်းဖြစ်ပြီး ဥပဒေရုံး အရာရှိ ၃ ဦး၊ ရဲတပ်ကြပ် ၁ ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၅ ဦးတို့သည် မတ် ၆ ရက်မှ စ၍ ပါဝင်လာခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့နယ် ဥပဒေရုံး၏ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်ဂျာထွယ်အောင်က “မိမိဆန္ဒအလျောက် CDM တွင် ပါဝင်သွား မည် ဖြစ်ပါသည်။ CDM အား အပြည့်အဝ ထောက်ခံပါသည်။ ယနေ့မှစ၍ ရုံးလုပ်ငန်းများကို လုပ်ဆောင်ပေးတော့မည် မဟုတ်ပါ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဥပဒေနှင့်အညီ တင်မြှောက်သည့် အစိုးရ လက်အောက်တွင်သာ တာဝန် ထမ်းဆောင်လိုပါသဖြင့် ဥပဒေနှင့်အညီ တင်မြှောက်သည့် အစိုးရ ပြန်လည် ရောက်ရှိမှသာ တာဝန် ပြန်ထမ်းဆောင်ပါမည်ဟုလည်း ၎င်းက ဆိုသည်။
မြစ်ကြီးနားမြို့နယ် ဥပဒေရုံး ဒု-မြို့နယ် ဥပဒေအရာရှိ တဦးဖြစ်သူ ဒေါ်ဝင့်ကလျာကလည်း CDM လှုပ်ရှားမှုတွင် ယနေ့မှစ၍ ပါဝင်မည် ဖြစ်ကာ ဥပဒေနှင့်အညီ တင်မြှောက်သည့် အစိုးရတက်မှသာ တာဝန်ပြန်ထမ်းဆောင်မည်ဟု ပြောဆိုထားသည်။
CDM တွင် ထပ်မံပါဝင်လာသည့် တခြားဥပဒေအရာရှိ တဦးမှာ မိုးကောင်းမြို့နယ်၏ ဒု-မြို့နယ်တရားသူကြီး ဦးအောင်မင်း ဖြိုး ဖြစ်သည်။
ဝိုင်းမော်မြို့နယ်၊ ရဲတပ်ဖွဲ့မှ CDM တွင် ပါဝင်လာသည့် ရဲတပ်ကြပ်သည် အမျိုးသမီးရဲတပ်ကြပ် အောင်ရောင် ဖြစ်ပြီး ၎င်း သည်လည်း စစ်အာဏာရှင်စနစ်ကို မလိုလားသဖြင့် လူထုနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း ၎င်း၏ စခန်းမှူးထံ ပေးပို့ သည့် စာထဲတွင် ရေးသားထားသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သည့် စာရေးဝန်ထမ်းတဦးက “အစကတော့ ရုံးမှာ အလုပ်တွေ လုပ်စရာရှိတာ ဆက်လုပ်နေတာ ပါ။ ဒါပေမယ့် အပြင်မှာက လူကြီး၊ လူငယ် စစ်အာဏာရှင်ကို တော်လှန်နေတာ ဒီလောက် ပစ်ခတ်ခံရ သေဆုံးတဲ့ကြားက ဆက်လုပ်နေတော့ ကျမတို့လည်း ပါကိုပါရတော့မယ်လို့ စိတ်ထဲ ဖြစ်လာတယ်။ တထောင့်တနေရာကလည်း ပါဝင်ချင် တယ်။ ဒါကြောင့် CDM မှာ ပါဝင်တာပါ” ဟု ပြောသည်။
အဆိုပါ စာရေးဝန်ထမ်းသည် မြစ်ကြီးနားမြို့ဇာတိ မဟုတ်ဘဲ ၎င်း၏ဇာတိမှာ မြန်မာနိုင်ငံအလယ်ပိုင်း မြို့တခုမှဖြစ်ကာ လက်ရှိတွင် CDM ပြုလုပ်ထားခြင်းကြောင့် ဆွေမျိုးတဦး၏ အိမ်တွင် တိမ်းရှောင်နေရကြောင်း သိရသည်။
CDM တွင် ပါဝင်လာကြသည့် ဝန်ထမ်း ၅၄ ဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ပြီဖြစ်သဖြင့် အလုပ် ဆင်းတော့မည် မဟုတ်ကြောင်း လက်မှတ်များ ရေးထိုးကာ ၎င်းတို့၏ သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပေးပို့ထားကြသည်။
မြို့နယ်စည်ပင်သာယာရေးဝန်ထမ်း ၂၅ ဦးက ၎င်းတို့၏ အမှုဆောင်အရာရှိထံ ပေးပို့သည့် စာထဲတွင် “မည်သူတဦး တယောက်၏ တိုက်တွန်းချက် မပါဝင်ဘဲ မိမိဆန္ဒအလျောက် မတ် ၆ ရက်မှစ၍ CDM လှုပ်ရှားမှုတွင် ငြိမ်းချမ်းစွာ ပါဝင် လှုပ်ရှားမည်ဖြစ်ပြီး ပြည်သူ့အစိုးရ ပြန်လည် တက်ရောက်ချိန်မှသာ မိမိတို့ တာဝန်ဝတ္တရားများအား ဆက်လက် ၍ ကျေပွန်စွာ ပြန်လည်ထမ်းဆောင်သွားမည်” ဟု ထည့်သွင်း ရေးသားထားသည်။
၎င်းတို့အနေဖြင့် CDM တွင် ပါဝင်ရသည်မှာ အလုပ်မှ နုတ်ထွက်ခြင်း မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများ ကို မထီမဲ့မြင်ပြုခြင်း မဟုတ်ဘဲ နိုင်ငံသားတဦး ဖြစ်သည့်အလျောက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်း၊ ပြည်သူ့ဝန်ထမ်း အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါသည်ဟုလည်း ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများကို ရုံးပြန်တက်ရန် ကြေညာချက်များ နေ့စဉ် ထုတ် ကာ ခေါ်ယူနေပြီး ရုံးပြန်မတက်သည့် ဝန်ထမ်းများကိုလည်း ဝန်ထမ်းစည်းကမ်းများနှင့် အရေးယူမည် ဖြစ်ကြောင်း၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပူးပေါင်းသူများကိုလည်း နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်သူများအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
ထိုသို့ ကြေညာထားသော်လည်း မြစ်ကြီးနားမြို့တွင်သာမက ကချင်ပြည်နယ်အတွင်းရှိ ပူတာအို၊ ဗန်းမော်၊ ဝိုင်းမော် စသည့် မြို့နယ်များတွင်လည်း ဌာနဆိုင်ရာ ဝန်ထမ်းအသီးသီးသည် CDM လှုပ်ရှားမှု၌ ပါဝင်လာလျက် ရှိသည်။
ဧရာဝတီက လက်လှမ်းမီသလောက် စုဆောင်းထားသည့် အချက်အလက်များအရ တပ်မတော်က အာဏာသိမ်းပြီး သည့် နောက်တွင် ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် CDM တွင် ပါဝင်လှုပ်ရှားနေသည့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်း ၄၀၀ ခန့် ရှိပြီ ဖြစ်သည်။
You may also like these stories:
CDM လုပ်သည့် ဝန်ထမ်း ထောင်ချီ တိုးလာ