မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် လူ ၂ ဦးကို မတ်လ ၅ ရက်နေ့တွင် စစ်တပ်က ကျားကန်ပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက သတ်ဖြတ်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။
ကြံ့ခိုင်ရေးပါတီဝင်များ၏ တိုက်ခိုက်သတ်ဖြတ်မှုသည် မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့ဝင်များ လာရောက်ကြရာတွင် ရွာသားများက ဆန့်ကျင်ဆန္ဒပြကြပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ NLD ပါတီဝင်တဦးက “စစ်ကောင်စီအဖွဲ့ဝင်တွေ လာတဲ့အခါ ကြံ့ခိုင်ရေးက လူတွေက ကြိုကြတယ်။ အဲဒီမှာ ၂ ဘက် ခိုက်ရန်ဖြစ်ပွားကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခိုက်ရန်ဖြစ်ပွားမှုအတွင်း ကြံ့ခိုင်ရေးဘက်မှ ရဲနှင့် စစ်တပ်ကို ခေါ်၍ NLD ဘက်ကို ဖမ်းခိုင်းသည်။ နယ်ခံများ၏ ဆိုရှယ်မီဒီယာမှ live ထုတ်လွှင့်မှုတွင် စစ်တပ်နှင့် ရဲများ ရောက်လာပြီး သေနတ် ၃ ချက် ပစ်ဖောက်ကာ လူစုခွဲခဲ့သည်။
“ဒါပေမယ့် အဲဒီညက ရွာက သံပုံးတွေ တီးပြီး သတိပေးကြ ဘာကြဆိုတော့ သူတို့ ဘယ်သူ့မှ ဖမ်းမသွားဘူး” ဟု NLD ပါတီဝင်က ပြောသည်။
နောက်တရက် မနက် ၉ နာရီခွဲတွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ၂၀ ကျော်သည် မိတ်ဆွေတဦး၏ အိမ်မှ ပြန်လာသော NLD ပါတီဝင်တစုအား တိုက်ခိုက်ခဲ့ကြသည်။ ရန်ပြုမှုတွင် NLD ရပ်ကျေးဥက္ကဋ္ဌ ဦးထွေးနိုင် (အသက် ၅၃ နှစ်)နှင့် ၎င်း၏ တူဖြစ်သူ ကိုနန်းဝေအောင် (အသက် ၁၇ နှစ်) တို့ ရက်စက်စွာ ဓားများဖြင့် ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပြီး အခြား ၂ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
“သူတို့ကို သေတဲ့အထိ ခုတ်ထစ်သတ်ဖြတ်ရုံမကပါဘူး။ သူတို့အလောင်းတွေကို အိမ်တလုံးထဲ ဒရွတ်ဆွဲ ခေါ်သွားပါတယ်။ ကျနော်တို့ အလောင်းတွေကို သွားပြန်ယူလို့ မရခဲ့ဘူး” ဟု NLD ပါတီဝင်က ဆိုသည်။
ထို့နောက် စစ်သားနှင့် ရဲများ ရောက်လာပြီး မည်သူတဦးတယောက်ကိုမျှ ဖမ်းဆီးခြင်း မပြုဘဲ အလောင်းများကို လာရောက် ထုတ်ယူခဲ့ကြောင်း ဒေသခံများက ပြောသည်။ မည်သူတဦးတယောက်ကိုမျှ ဖမ်းဆီးခြင်း မပြုဘဲ သေဆုံးသူများ၏ အလောင်းများကို တင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် ရဲကားများအား ရွာသားများက ပိတ်ဆို့ထားခဲ့သည်။
“လူစုခွဲဖို့နဲ့ တာဝန်ကို မနှောက်ယှက်ဖို့ စစ်သားနဲ့ ရဲတွေက ပြောတယ်။ ဒါပေမယ့် ကျနော်တို့က တရားခံတွေကို ဖမ်းဖို့ ဝိုင်းပြောကြတော့ နောက်ဆုံး လူ ၁၁ ယောက် ချက်ခြင်း ဖမ်းသွားပေးတယ်” ဟု NLD ပါတီဝင် က ပြောသည်။
တိုက်ခိုက်သူများထဲတွင် ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ခိုင်ဦး ပါဝင်ကြောင်း ရွာသားများက စွပ်စွဲနေကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်ကို သူ ရှုံးနိမ့်ခဲ့သည်။
“သူနဲ့ ကျန်တရားခံတွေကို ရဲက မဖမ်းသေးဘူး။ သေဆုံးသူ မိသားစုတွေကတော့ ဒီနေ့ အမှုဖွင့်ဖို့ လုပ်နေပါပြီ” ဟု NLD ပါတီဝင်က ပြောသည်။
You may also like these stories:
လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ
စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ
မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် ၄ ဦးကို ယနေ့သဂြိုဟ်