စစ်တပ်နှင့် ရဲတို့ ညအချိန် ဝင်ရောက် ဖမ်းဆီးခံရသည် ပန်းပဲတန်းမြို့နယ် ၇ ရပ်ကွက်၊ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်မောင် လတ်မှာ ထိုညတွင်ပင် ဆုံးပါးခဲ့ကြောင်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုးလေး (ခ) ဦးစိုးဝင်းက အတည်ပြု ပြောကြားသည်။
ဦးခင်မောင်လတ်သည် မတ်လ ၆ ရက်ညက လမ်း ၃၀ အလယ်ဘလောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းသေဆုံးကြောင်း မိသားစုဝင်များထံသို့ ယနေ့မနက်ပိုင်းတွင် ရဲဘက်က အသိပေးခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။
“ဦးခင်မောင်လတ် ဆုံးသွားတာ ဟုတ်ပါတယ်။ ဒါဟာ ရိုးရိုးသားသားလား၊ ဖမ်းသွားတဲ့လူတွေက ဘယ်လိုတွေ စစ်ဆေး ခဲ့ကြသလဲ။ ညမှာ ဖမ်းသွားပြီး မနက်မှာ ဆုံးသွားတယ်ဆိုတာ သိပ်အဆင်မပြေဘူး။ ဒီအတွက် လိုက်ပြီး စုံစမ်းနေတာပေါ့၊ သူ့ရဲ့ရုပ်အလောင်းကို ပြန်ရဖို့၊ ဘယ်မှာ ပြန်ထုတ်ရမလဲဆိုတာ ကြိုးစားနေကြတယ်” ဟု ဦးစိုးလေးက ပြောသည်။
ယမန့်နေ့ ညပိုင်းက စစ်တပ်နှင့် ရဲ တို့ အနေဖြင့် ရန်ကုန်မြို့ရှိ NLD မြို့နယ်အဆင့် ပါတီဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များအား နေအိမ်အတွင်း အင်အားသုံး ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြပြီး လက်ရှိအချိန် ပန်းပဲတန်းမြို့နယ်မှ ၄ ဦးနှင့် ကျောက်တံတားမြို့နယ်မှ ၃ ဦးတို့ အဖမ်းခံရသည်ကို အတည်ပြုနိုင်ကြောင်းလည်း NLD ပါတီ ဘက်က ပြောဆို သည်။
“မနေ့ညက ပန်းပဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းမှာ စစ်တပ်ရဲမှ ဝင်ရောက် ဖမ်းဆီးတာ ခံလိုက်ရတဲ့ ဦးခင်မောင် လတ် (NLD ၇ ရပ်ကွက် ရပ်ကျေး ဥက္ကဋ္ဌ) ဟာ ညတွင်းချင်း ဆုံးပါးသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့နေအိမ်နဲ့ အခြား ပန်းပဲတန်း မြို့နယ် EC များရဲ့ နေအိမ်များကို ဝင်ရောက်ရာမှာ အကြမ်းဖက်ရိုက်နှက် ဖျက်ဆီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်” ဟု၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရ ပန်းပဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင် က လူမှုကွန်ရက်က တဆင့် တင်ပြထားသည်။
ပုဇွန်တောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင်လည်း ယမန်နေ့ညက စစ်တပ်နှင့်ရဲက နေအိမ် များအတွင်း ဝင်ရောက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကိုလည်း ကာယကံရှင် မိသားစုဝင်များက လူမှုကွန်ရက်က တဆင့် အသိပေးထားကြသည်။
စစ်တပ်ရဲများ၏ ဖမ်းဆီးခံရပြီး ညတွင်းချင်း သေဆုံးခဲ့ရသည့် ဦးခင်မောင်လတ်သည်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲ၊၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ရွေး ကောက်ပွဲ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း ဦးစည်သူမောင်က ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးမှုအများအပြား ပြုလုပ်ရာ ယခုကဲ့သို့ ဖမ်းဆီးသည့် ညမှာပင် သေဆုံးမှု ဖြစ်စဉ်မှာ ပထမဆုံးဟု ဆိုနိုင်ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး ထောက်လှမ်းရေးက လူအများအပြား ဖမ်းဆီးရာတွင် တချို့မှာ စစ်ကြောရေးတွင်ပင် သေဆုံးသူများ ရှိခဲ့သည်။
You may also like these stories:
ပွင့်ဖြူ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် တူဖြစ်သူအား ကြံ့ခိုင်ရေးပါတီဝင်များ သတ်ဖြတ်
တာမွေမြို့နယ်တွင် ရဲက အိမ်ပေါ်ထိ ရိုက်နှက် ပစ်ခတ် ဖမ်းဆီး