သတင်း

တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာ စစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမှ စွန့်ခွာရန် စိတ်အားထက်သန်နေပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်ချင်ကာ တရုတ်နှင့် ခပ်ခွာခွာနေလိုကြောင်း မြန်မာစစ်ကောင်စီက ငှားရမ်းထားသော အစ္စရေး-ကနေဒီယန်ကပြား လော်ဘီသမားက ပြောကြားလိုက်သည်။

ဇင်ဘာဘွေမှ ရောဘတ်မူဂါဘီနှင့် ဆူဒန် စစ်အုပ်ချုပ်သူများကို ယခင်က ကိုယ်စားပြုဆောင်ရွက်ခဲ့သော အစ္စရေး စစ်ထောက်လှမ်းရေးအရာရှိဟောင်း အရီ ဘန်မန်နာရှီက မြန်မာစစ်ဗိုလ်ချုပ်များသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော မွတ်ဆလင်များကိုလည်း ပြန်လည်ခေါ်ယူလိုကြောင်း ပြောသည်။

နိုဝင်ဘာလရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖြုတ်ချလိုက်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူ ၅၀ ကျော် ပစ်သတ်ခံရပြီးဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုပြီး ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများက ဖိအားပေးနေကြချိန်တွင် မြန်မာစစ်အာဏာသိမ်းကောင်စီက ယခုကဲ့သို့ လော်ဘီသမား ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ရာထူးရယူထားသော ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန် အစိုးရနှင့် ကွန်ဂရက်၊ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများနိုင်ငံ၊ အစ္စရေးနှင့် ရုရှ အစိုးရများ၊ ကုလသမဂ္ပ၊ အာဖရိကန်သမဂ္ဂအပြင် အခြား နိုင်ငံတကာအဖွဲ့အစည်းများသို့ ချဉ်းကပ်ပြီး သိမ်းသွင်းရန် ဖြစ်သည်။ သဘောတူညီချက်ကြောင့် ငွေ “အချီကြီး” ရကြောင်း အရီ ဘန်မန်နာရှီက Foreign Lobby Report သို့ ပြောသော်လည်း အတိအကျ မပြောပေ။

သူ၏လုပ်ငန်းဖြစ်သော Dickens & Madson Canada ကို မြန်မာစစ်ဗိုလ်ချုပ်များက အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့ကို နားလည်မှု လွဲမှားနေသောနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်စေရေး ကူညီလုပ်ဆောင်ပေးရန် ငှားရမ်းထားကြောင်း ဘန် မန်နာရှီက ရိုက်တာသတင်းဌာနနှင့် ဖုန်းဖြင့်တွေ့ဆုံမေးမြန်းခန်းတခုတွင်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဗိုလ်ချုပ်များက လိုအပ်သည်ဟု ထင်သည်ထက် တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးလာကြောင်း သူပြောသည်။

“တရုတ်နဲ့ ရင်းနှီးအောင် လုပ်ရမှာကို ဆန့်ကျင်ပြီး အနောက်နဲ့ အမေရိကန်ပြည်ထောင်စုဆီကို ရွေ့လာစေဖို့ စစ်မှန်တဲ့ တွန်းအားတွေ ရှိနေတယ်။ သူတို့က တရုတ်ရဲ့ ရုပ်သေးရုပ်တွေ မလုပ်ချင်ကြဘူး” ဟု ဘန်မန်နာရှီပြောသည်။

ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များကို ပြန်လည်လက်ခံရေးအတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် အာရပ်စော်ဘွားများ နိုင်ငံတို့နှင့် ဆက်သွယ်နေကြောင်းလည်း ဘန် မန်နာရှီပြောသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည် သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြရသည်။ စစ်သားများက ရိုဟင်ဂျာများကို သိမ်းကြုံးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်က ပြောဆိုသည်။

“အခြေခံအားဖြင့် ပြောရရင်တော့ သူတို့ပြောပြောနေတဲ့ ဘင်္ဂလီတွေကို ပြန်လက်ခံဖို့ ဒီနိုင်ငံတွေဆီက ရန်ပုံငွေရဖို့ ကြိုးစားတာပေါ့ဗျာ” ဟု သူပြောသည်။

လတ်တလော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြပွဲများတွင် လက်နက်ပြည့်အစုံတပ်ဆင်ထားသည့် စစ်သားများ၏ ဓါတ်ပုံများ ဗီဒီယိုများ ပျံ့နှံ့နေသော်လည်း ဆန္ဒပြပွဲများကို ရဲကသာ ကိုင်တွယ်နေပြီး စစ်တပ်က မကိုင်တွယ်ကြောင်း သူပြောသည်။

မြန်မာနိုင်ငံရှိမြို့ကြီးများနှင့် မြို့များအားလုံးနီးပါးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနှင့် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လေးစားရေးတို့အတွက် တောင်းဆိုပြီး ဆန္ဒပြပွဲများဖြစ်ပွားနေသည်မှာ ရက်သတ္တပတ် အတန်ကြာပြီဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု စစ်တပ်က စွပ်စွဲသည်။

မဲမသမာမှုရှိကြောင်းကို စစ်တပ်က သက်သေပြနိုင်ကြောင်းနှင့် တိုင်းရင်းသားများသည် မဲပေးခွင့်ပိတ်ဆို့ခံရကြောင်း ဘန်မန်နာရှီပြောသော်လည်း အထောက်အထား တင်ပြခြင်း မရှိပေ။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများကမူ မဲမသမာမှု ကြီးကြီးမားမား မရှိကြောင်းပြောထားသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်သည်သာ ဒီမိုကရေစီသို့ ပြန်သွားအောင် လုပ်ဆောင်ရန် အကောင်းဆုံး အနေအထားတွင် ရှိကြောင်း သူပြောသည်။

“သူတို့က နိုင်ငံရေးကနေ လုံးဝ ထွက်ချင်တာဗျ။ ဒါပေမယ့် ဒါက လုပ်ငန်းစဉ်တခုပေါ့လေ” ဟု သူပြောသည်။

You may also like these stories:

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ

ကြယ်စင်ကြွေသွားသည့်တိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading