ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် စစ်တပ်နှင့်ရဲများက လမ်းသွားလမ်းလာများ၊ ကားများကို တားဆီးစစ်ဆေး ပြီး စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြဆိုင်းဘုတ်များ၊ ဆန္ဒပြရာတွင် အသုံးပြုသည့် ပစ္စည်းများ (ဦးထုပ်၊ မျက်မှန်) တွေ့ပါက ဖမ်းဆီးနေကြောင်း သိရသည်။
မျက်မြင်တွေ့သူ ၃ ဦး၏ ပြောဆိုချက်အရ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က အိမ်စီးကား အနက်ရောင် တစီးကို တားဆီးစစ်ဆေးရာ ကားနောက်ဖုံး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းဘုတ်များ တွေ့သဖြင့် ဖမ်းဆီးသွားသည်ဟု ပြော သည်။
မျက်မြင်တွေ့သူ အမျိုးသားတဦးက “ကျွန်းတောလမ်းတလျှောက် သူတို့ရှိနေတယ်။ လမ်းမပေါ်မှာ နေနေတာ မဟုတ် ဘဲ ထောင့်တွေမှာ ကပ်စောင့်နေတာ။ ကျနော့် အိမ်အောက်နားမှာဆိုရင် ၁၅ ယောက်တဖွဲ့ ရှိတယ်။ အကုန်လုံးက ရဲ ယူနီဖောင်းတွေ ဝတ်ထားပေမယ့် အများစုကတော့ စစ်ဖိနပ်တွေ စီးထားကြတာ” ဟု ပြောပြသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သူများကလည်း ကျွန်းတောလမ်းအပြင် ဗဟိုလမ်း၊ မဟာမြိုင်လမ်း တလျှောက်တွင်လည်း စစ်တပ်နှင့်ရဲက တားဆီး စစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ဆန္ဒပြသူများ မလာကြရန် သတိပေးခြင်းများ ပြုလုပ်လျက် ရှိသည်။
စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ မမိုးမိုးက “လမ်းထောင့်တွေမှာ သူတို့က စောင့်ဖမ်းတဲ့ သဘောပဲ။ ကျွန်းတော၊ မြောင်းမြ လမ်း တလျှောက်မှာ ရှိတယ်။ ကျမတို့ အိမ်က လှမ်းမြင်နေရတာလေ။ အခုပဲ ကျွန်းတောလမ်းနဲ့ ချမ်းသာလမ်းထောင့်မှာ ချ ထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာတစီးနဲ့ စဖြိုနေပြီ” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်မှစ၍ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စမ်းချောင်းမြို့နယ်၊ လူနေရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ဖျာပုံလမ်းသို့ ဝင်ရောက်လာစဉ် သေနတ် ၃ ချက် ပစ်ခတ်ကာ ကျွန်းတောလမ်းပေါ်၌လည်း ပစ်ခတ်သံများ ကြားရကြောင်း မြို့ခံတချို့က ပြောသည်။
ဗဟိုလမ်းပေါ်တွင်လည်း ပစ်ခတ်မှုဖြစ်သဖြင့် အမျိုးသား ၁ ဦး ရာဘာကျည် ၅ ချက် ထိမှန်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၇ ရက်၊ ည ၁၀နာရီ ဝန်းကျင်ကလည်း စစ်တပ်နှင့်ရဲက ရန်ကုန်မြို့တွင်း မြို့နယ်များရှိ ရပ်ကွက်များအတွင်းသို့ ဝင်လာပြီး လူနေအိမ်များကို ကျည်၊ ဖန်ဂေါ်လီ၊ လေးခွတို့ဖြင့် ပစ်ခတ်ခြင်း၊ လမ်းမတွင် ရပ်ထားသည့် ကားများ၏ မှန်များကို ခွဲခြင်းများ ပြုလုပ်ခဲ့သည်။
လက်ရှိ အချိန်အထိ ဧရာဝတီက စုဆောင်းထားသည့် အချက်အလက်များအရ ယမန်နေ့ညက စစ်တပ်နှင့်ရဲ၏ ဖျက်ဆီးမှု ကြောင့် ကားအစီးရေ ၅၀ ခန့် မှန်များ ခွဲခံခဲ့ရသည်။
You may also like these stories:
မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးရန် အမေရိကန် တွန်းအားပေးနေ
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်