စစ်အာဏာသိမ်းခြင်းအား ဆန့်ကျင်ရန်နှင့် မြန်မာ့ အနာဂတ် ဒီမိုကရေစီအရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေ အလုပ်ရပ် အာဏာဖီဆန်ရေး သပိတ်ကို ယနေ့ မတ်လ ၈ ရက်၌ စတင်လိုက်သည်။
စီးပွားရေး လုပ်ငန်းဆောင်တာများအား ပုံမှန်အတိုင်း လုပ်ဆောင်နေခြင်းနှင့် အထွေထွေ အလုပ်ရပ် လှုပ်ရှားမှု စတင်ရန် နှောင့်နှေးကြန့်ကြာနေခြင်းက စစ်တပ်အတွက် အကျိုးဖြစ်ထွန်းနေသဖြင့် ဒီမိုကရေစီကို ကာကွယ်ရန် ယခုလို လှုပ်ရှားမှု စတင်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အလုပ်သမားအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့က ထုတ်ပြန် ကြေညာသည်။
အလုပ်ရပ်ခြင်းသည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတခုဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းလည်းဖြစ်၍ တနိုင်ငံလုံးရှိ သမဂ္ဂအဖွဲ့ဝင်ထားသည် ဖြစ်စေ၊ မဝင်ထားသည်ဖြစ်စေ အလုပ် သမားများ၊ ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း အလုပ်သမားအဖွဲ့အစည်း၏ ထိုကြေညာချက် တွင် ဖော်ပြထားသည်။
ထို့ပြင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်မဆင်း/အလုပ်ရပ် လှုပ်ရှားမှုမှာ ပြည်သူ့အောင်ပွဲအတွက် နည်းလမ်းပင် ဖြစ်ကြောင်း ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်မဆင်း/ အလုပ်ရပ် လှုပ်ရှားမှုကို နောက်တကြိမ် ကြေညာချက် မထုတ်မချင်းနှင့် ဒီမို ကရေစီတိုက်ပွဲ မအောင်မြင်ချင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ၁၈ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FGWN)၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ABFTU)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(AFFM)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂ ကွန်ရက် (AMTUN) ၊ Action Labour Right (ALR) အစ ရှိသည့် အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမား အဖွဲ့အစည်း ၁၈ ဖွဲ့က ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်သည်။
You may also like these stories:
CDM လုပ်သည့် ဝန်ထမ်း ထောင်ချီ တိုးလာ
အလုပ်သမားခေါင်းဆောင်တချို့ တရားစွဲခံရ၍ တိမ်းရှောင်နေရ
ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော