ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်နေစဉ် အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်သပိတ်အား နေ့လယ် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်က အသံဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်များ ဖြင့်ပါ ပစ်ခတ်ဖြိုခွဲသည့်အတွက် ဆန္ဒပြပွဲတွင် ပါဝင်သော ၅ ဦး ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကိုသီဟဦးမှာ သေဆုံး သွားကာ၊ ကိုသားသားကြီးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ကိုသီဟဦးက အပစ်ခံရပြီး ကယ်လာတဲ့ အချိန်ကတည်းက အသက် မပါတော့တာ။ သားသားကြီးက ဖျာပုံမှာ ခဏ ဆေး ကုပြီးတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အခုက ရန်ကုန်ကို ပို့ဆောင်နေပါတယ်။ အခြား ကျည်ထိသူ ၃ ဦးကတော့ ကုသမှု ခံနေတုန်းပဲ” ဟု အခင်းဖြစ်နေရာသို့ ရောက်ခဲ့သူ ဖျာပုံမြို့ခံတဦးက ဧရာဝတီကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ဆန္ဒပြရန် ပြင်ဆင်နေသော လူငယ်များကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ ကျောင်းဆရာ/ဆရာမများ အပါအဝင် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ကျောင်းသား လူငယ်များနှင့် မြို့ခံများ စုပေါင်း၍ သာစည် ဘုရားကြီးအနီးရှိ ရဲ စခန်း အနီးတွင် စုဝေးကာ ထိုင်သပိတ်ပြုလုပ် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်က ထိုင်သပိတ်ကို ပစ်ခတ်ဖြိုခွဲပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၀၀ ကျော်ကို အားလုံး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
You may also like these stories:
စမ်းချောင်းတွင် စစ်တပ်နှင့်ရဲက ဆန္ဒပြမှု မဖြစ်စေရေး ပိုက်ဆိပ်တိုက် ရှာဖွေဖမ်းဆီးနေ
စစ်တပ် ဖမ်းဆီးသည့် ပန်းပဲတန်း NLD ရပ်/ကျေး ဥက္ကဋ္ဌ ညတွင်းချင်း သေဆုံး