ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ကို ဆန့်ကျင်သော ဆန္ဒပြလူထုနှင့်အတူ အမျိုးသမီးများ၏ ထဘီအလံထူ သပိတ်စစ်ကြောင်းများပါ ပူးပေါင်း ဆန္ဒပြခဲ့ကြ သည်။
ထဘီအလံထူပြီး ဆန္ဒပြမှုသည် မြန်မာအမျိုးသမီးများ ဝတ်ဆင်သည့် ထဘီကို ဘုန်းကံနိမ့်တတ်သည် ဟူသော အယူ အဆကို တွန်းလှန်ရာ ရောက်သလို ဗေဒင်ယတြာနှင့် ရှေးအယူအဆများကို လက်ခံယုံကြည်ထားသည့် စစ်ဗိုလ်ချုပ်များကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတချို့က ပြောသည်။
ယနေ့ ထဘီအလံထူတိုက်ပွဲ မပြုလုပ်ခင် ရှေ့ရက်အနည်းငယ် ကတည်းကပင် ထဘီများ၊ အမျိုးသမီး အတွင်းခံများကို ကြိုးဖြင့်သီတန်းပြီး လမ်းမပေါ် အမြင့်နေရာများတွင် ချိတ်ဆွဲကာ ဆန္ဒပြသူများ၏ ခံတပ်အဖြစ် အသုံးပြုခဲ့ကြသည်။
ယနေ့တွင်တော့ မြန်မာနိုင်ငံ မြို့ကြီးအတော်များများတွင် “ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ” ၊ “စစ်အာဏာရှင်ပြုတ်ကျ ဖို့ ထဘီအလံထူကြစို့” စသည့် ကြွေးကြော်သံများနှင့်အတူ တခြားသော သပိတ်စစ်ကြောင်းများကဲ့သို့ပင် ထဘီအလံလွှင့် ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
မတ်လ ၈ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာသည်မှာ နှစ်ပေါင်း ၁၁၀ တိုင်ခဲ့ ပြီ ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ထုတ်ပြန်လေ့ရှိရာ ယခုနှစ် အတွက် ရွေးချယ်ထားသည့် ဆောင်ပုဒ်မှာ “စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ အားလုံးအတူ စိန်ခေါ်စို့” ဟူ၍ ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်း/ကွန်ရက်များ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဆောင်ပုဒ်ကို ရွေးချယ်ရခြင်းသည် အမျိုးသမီးအဖွဲ့အစည်း/ကွန်ရက်များသည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ရန် အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စစ်အာဏာရှင်အား ဆန့်ကျင် စိန်ခေါ်လျက်ရှိသော လူထုလူတန်းစား အလွှာအသီးသီးမှ အမျိုးသမီးများ၊ လူငယ်များ၊ ပြည်သူတရပ်လုံးနှင့်အတူ ရပ်တည်လျက်ရှိကြောင်း တရားဝင် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကြေညာချက် ထုတ်ပြန်သည့် အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်နေသော ကွန်ရက်နှင့် အဖွဲ့အစည်းများ မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက် (မြန်မာ)၊ စီဒေါလှုပ်ရှားမှုမြန်မာ၊ ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေးမဟာမိတ်အဖွဲ့တို့ ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်တန်းအဖွဲ့ဝင် အမျိုးသမီးများ၊ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးများ ဖမ်းဆီးခြင်း ခံခဲ့ရပြီး လက်ရှိ အချိန်တွင် စစ်အာဏာရှင် တော်လှန်ရေး၌ နယ်ပယ်အသီးသီးမှ အမျိုးသမီးများသည် တက်ကြစွာ ပါဝင်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိတိုင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက် အမျိုးသမီး ၆ ဦး အပါအဝင် အမျိုးသမီး စုစုပေါင်း ၅၁၈ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက်မှ ၉ ဦးမှာ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေကြရပြီး ၇၉ ဦးမှာ လွတ်မြောက်လာခဲ့ရာ လက်ရှိ အချိန်တွင် ဖမ်းဝရမ်းထုတ်ခံထားရသည့် အမျိုးသမီး ၉ ဦး အပါအဝင် အမျိုးသမီး ၄၃၉ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို ခြင်း ခံထားရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်အထိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့အတွက် စစ် အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ရင်း ကျဆုံးသွားခဲ့သည့် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်၊ ရန်ကုန် လှိုင်သာယာမှ ဆရာမ ဒေါ်တင်နွဲ့ရီ၊ မန္တလေးမှ မဒေစီ (ခ) အပုနှင့် မကြယ်စင်၊ မုံရွာမှ မမြင့်မြင့်ဇင် (ခ) ကြည်လင်အေးနှင့် မကျော့နန္ဒာအောင် စ သည့် အသက် ၁၉ နှစ်မှ ၅၉ နှစ်ကြား အမျိုးသမီး ၆ ဦးအထိ ရှိခဲ့ပြီ ဖြစ်သည်။
You may also like these stories:
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာ အကူအညီ
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ