လတ်တလော မြန်မာနိုင်ငံ မြို့ကြီးများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုများကြောင့် ထွက်ပြေးခိုလှုံလာနိုင်ဖွယ်ရှိသော ဒုက္ခသည်များကို လက်ခံစောင့်ရှောက်ရန် ထိုင်းနိုင်ငံက ပြင်ဆင်နေကြောင်း ထိုင်းသတင်းများက ဆိုသည်။
အိမ်နီးချင်းနိုင်ငံတွင် အခြေအနေများ ဆိုးရွားလာနေသော သတင်းများကြောင့် ထိုင်းနိုင်ငံ၏ မြန်မာနယ်စပ်ခရိုင်များ ဖြစ်သည့် တာ့ခ်နှင့် မဲဟောင်ဆောင်တို့တွင် ပြင်ဆင်ထားသည်များကို ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နရုံဖန်ချစ်ကဲယိုးတဲက လိုက်လံစစ်ဆေး ကြည့်ရှုကြောင်း ထိုင်းပီဘီအက်စ်သတင်းက ဆိုသည်။
သတင်းအရ မဲဆောက်၊ ထပ်ဆောင်ယန်၊ မဲရမတ်နှင့် ဖုတ်ဖရ မြို့နယ်များတွင် နေရာ ၇ နေရာကို ဒုက္ခသည်စခန်းအဖြစ် ပြင်ဆင်ထားကြောင်း သိရသည်။
ဘုရားသုံးဆူဒေသတွင်လည်း လူ ၂ ထောင်စာ လက်ခံနိုင်သော စခန်း ၄ ခု ဖွင့်ထားကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသည် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအပြီး ထွက်ပြေးရောက်ရှိလာသော လူငယ်မြောက်မြားစွာတို့ကို စခန်းဖွင့် လက်ခံခဲ့ဖူးပြီး မြန်မာပြည် ပြန်လိုသူများအား ပြန်ပို့ခဲ့သည်။ မပြန်လိုသူများက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကူအညီဖြင့် တတိယနိုင်ငံသို့ သွားရောက်အခြေချ နေထိုင်ရန် နှစ်ပေါင်းများစွာ စီစဉ်ပေးခဲ့သည်။
လတ်တလော ထိုင်းနိုင်ငံတွင် ကရင်၊ မွန်နှင့် ကရင်နီ ဒုက္ခသည်စခန်းများလည်း ရှိနေသေးသည်။
You may also like these stories:
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ
စစ်တပ်၏ ညပိုင်း အကြမ်းဖက် ဖမ်းဆီးမှု များလာ၊ တက္ကသိုလ်များကိုလည်း စီးနင်းထား
လမ်းမထက် ခြောက်သွေ့မသွားမည့် သွေးစက်များ