ပြည်တွင်းမီဒီယာ တခုဖြစ်သည့် ကမာရွတ်မီဒီယာ၏ ရန်ကုန်မြို့ လှည်းတန်း၊ စံရိပ်ငြိမ် ၆ လမ်းရှိ ရုံးခန်းကို နေ့လယ် ၁ နာရီ ဝန်းကျင်တွင် အရပ်ဝတ်ရဲများနှင့် စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် အယ်ဒီတာ ၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးနေသန်မောင် (အမေရိကန်နိုင်ငံသားခံယူထားသူ) နှင့် ပူးတွဲ တည်ထောင်သူ ဦးဟံသာငြိမ်းတို့ဖြစ်ပြီး ရုံးခန်းရှိ ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ရုတ်ရင်းဆန်ခတ်ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဦးဟံသာငြိမ်း၏ ညီမဖြစ်သူ မကြည်သာက ဧရာဝတီကို အတည်ပြု ပြောသည်။
၎င်းက “အခုသူတို့ကို ဘယ်ကို ခေါ်သွားလဲ ကျမတို့ မသိရသေးပါဘူး။ အဆက်အသွယ် မရသေးဘူး။ မီဒီယာကို ပစ်မှတ် ထားပြီးတော့ အကြမ်းဖက် ဝင်ရောက်စီးနင်းနေတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အ ကြောင်းအရာတွေကို မီဒီယာတွေက မြန်မြန်ဆန်ဆန် ဖော်ပြနေကြတော့ သူတိုရည်ရွယ်ချက်က ကျမတို့ကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ဖို့၊ သတင်းတွေ အမှောင်ချဖို့ ကြိုးစားနေတာ” ဟု ပြောဆိုသည်။
ထို့ပြင် စစ်သားနှင့် ရဲများ ဝင်ရောက် အကြမ်းဖက် စီးနင်းစဉ် ရုတ်ရင်းဆန်းခတ်ဖြစ်မှုများ၊ အော်ဟစ်ဆဲဆိုသည့် ကိစ္စရပ် များ ရှိခဲ့သည်ကို ကြားသိရသည့်အတွက် ဖမ်းဆီးခံလိုက်ရသော ၎င်းတို့ ၂ ဦး၏ လုံခြုံရေးအတွက် များစွာစိုးရိမ်မိသည်ဟု လည်း မကြည်သာက ဆိုသည်။
ကမာရွတ်မီဒီယာ ရုံခန်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းစဉ် ရုံးနှင့် ကပ်လျက်လမ်းများကိုပါ လုံခြုံရေး အပြည့်ယူခဲ့ပြီး စစ်ကား ၇ စီးခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ လမ်းအတွင်းရှိ တပ်ဆင်ထားသည့် စီစီတီဗီများကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့ကလည်း ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတမ်းလမ်းရှိ Myanmar Now သတင်းမီဒီယာ ရုံးခန်းသို့ ရဲနှင့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပစ္စည်းတချို့ သိမ်းဆည်းသွားခဲ့သည်။
ယမန်နေ့ည ၈ နာရီကလည်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်း ပုဂ္ဂလိက မီဒီယာများဖြစ်သည့် Myanmr Now ၊ 7 Day ၊ DVB ၊ Mizzima နှင့် ခေတ်သစ်မီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
You may also like these stories:
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ
စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ