မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်းမှာ သတ်ဖြတ်မှုများ ရပ်ရန်နှင့် အဖမ်းဆီးခံ ခေါင်းဆောင်များကို လွှတ်ပေးရန် တောင်းဆိုခြင်းသာဖြစ်ကြောင်း ဂျပန်သံရုံးကပြောသည်။ မြန်မာစစ်ကောင်စီက ထိုအစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ဆွေးနွေးသည်ဟု ပြောသောကြောင့် ဂျပန်သံရုံးက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် အီချီရို မာရူယာမသည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တနင်္လာနေ့က တွေ့ဆုံခဲ့သည်။ စစ်တပ်က ထိန်းချုပ်ထားသည့် MRTV က ထိုသို့ဆွေးနွေးခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်သော ဆက်ဆံရေး ထိန်းသိမ်းမြှင့်တင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဆိုသည့် စစ်တပ်၏ ပြောဆိုချက်ကို ဦးဝဏ္ဏမောင်လွင်က ရှင်းပြကြောင်း MRTV ကပြောသည်။
ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို နိုင်ခဲ့သော်လည်း စစ်တပ်က ရွေးကောက်ပွဲ မသမာမှုနှင့် ထိုကိစ္စကို အရပ်သားအစိုးရက ကိုင်တွယ်ရန် ပျက်ကွက်သည်ဟု ဆိုကာ အာဏာသိမ်းခဲ့သည်။
သို့သော် မာရူယာမက အရပ်သားများကို အကြမ်းဖက်မှု ရပ်ဆိုင်းရန် စစ်ကောင်စီကို အပြင်းအထန်တောင်းဆိုခဲ့ကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံးက တုံ့ပြန်ခဲ့သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အရပ်သား အနည်းဆုံး ၆၀ ကို စစ်တပ်နှင့် ရဲက ပစ်သတ်ပြီးဖြစ်သည်။
မာရူယာမသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီ အလျှင်အမြန် ပြန်လည်ထိန်းသိမ်းရန်လည်း တောင်းဆိုကြောင်း ဂျပန် သံရုံးကပြောသည်။
စစ်တပ်သည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများအပါအဝင် လူပေါင်း ၁၈၅၇ ဦးကို ဖမ်းဆီးထားကြောင်း န်ိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ အဆိုအရ သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်အနေဖြင့် အရပ်သားများကို အကြမ်းဖက်မှု ရပ်ရန်၊ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် ဆက်လက်တောင်းဆိုမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရပ်ဆိုင်းရန် စဉ်းစားနေကြောင်း ဖေဖေါ်ဝါရီလ နှောင်းပိုင်းက ဂျပန်နိုင်ငံက ကြေညာထားသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက ဂျပန်အနေဖြင့် စစ်တပ်နှင့် ၎င်းတို့ ထိန်းချုပ်ထားသော လုပ်ငန်းများကို ပစ်မှတ်ထားအရေးယူခြင်း၊ ကမ္ဘာတဝှမ်းလက်နက်ပိတ်ဆို့အရေးယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရပ်ဆိုင်းခြင်း တို့အပါအဝင် အရေးယူမှုများတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
You may also like these stories:
မြန်မာနဲ့ စစ်ရေးပူးဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း
မြန်မာ့အရေး တရုတ်က အချက် ၃ ချက် အဆိုပြု တင်ပြ
တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော