သတင်း

မဇ္ဈိမနှင့် ကမာရွတ်မီဒီယာရုံးများ စီးနင်းဖျက်ဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းမီဒီယာများဖြစ်သည့် မဇ္ဈိမ သတင်းဌာနနှင့် ကမာရွတ်မီဒီယာ တို့၏ ရုံးခန်းများကို စစ်တပ်နှင့် ရဲက စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီး ရုံးတွင်းပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

မဇ္ဈိမရုံးခန်းကို ဝင်ရောက်ရှာဖွေစဉ်တွင် ဖမ်းဆီးခံရမှုများ မရှိသော်လည်း ကမာရွတ်မီဒီယာ ရုံးခန်းကို ဝင်ရောက် စီးနင်းရာတွင် အယ်ဒီတာချုပ် ဦးနေသန်မောင် (အမေရိကန်နိုင်ငံသားခံယူထားသူ) နှင့် ပူးတွဲ တည်ထောင်သူ ဦးဟံသာငြိမ်း တို့ကိုပါဖမ်းဆီးသွားခဲ့သည်။

ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာငြိမ်း၏ ညီမဖြစ်သူ မကြည်သာက “အခုသူတို့ကို ဘယ်ကို ခေါ်သွားလဲ ကျမတို့ မသိရသေးပါဘူး။ အဆက်အသွယ် မရသေးဘူး။ မီဒီယာကို ပစ်မှတ် ထားပြီးတော့ အကြမ်းဖက် ဝင်ရောက်စီးနင်းနေတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အ ကြောင်းအရာတွေကို မီဒီယာတွေက မြန်မြန်ဆန်ဆန် ဖော်ပြနေကြတော့ သူတိုရည်ရွယ်ချက်က ကျမတို့ကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ဖို့၊ သတင်းတွေ အမှောင်ချဖို့ ကြိုးစားနေတာ” ဟု ပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက မတ်လ ၈ ရက်က သတင်းမီဒီယာ ၅ ခုကို ရေးသား ထုတ်ဝေ၊ ထုတ်လွှင့်ခွင့်များ ပိတ်ပင် လိုက်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း 7Day မီဒီယာတခုသာ ယာယီ ရပ်နားထားပြီး ကျန်မီဒီယာများက ပုံမှန်အတိုင်း သတင်းများ ထုတ်လွှင့် တင်ဆက်နေကြဆဲ ဖြစ်သည်။

စစ်ကောင်စီ ပိတ်ပင်ထားသည့် မီဒီယာများမှာ မဇ္ဈိမ၊ ဒီဗွီဘီ(DVB) ၊ Myanmar Now ၊ 7Day နှင့် ခေတ်သစ်မီဒီယာ တို့ ဖြစ်သည်။

မဇ္ဈိမ အနေဖြင့် စစ်အာဏာသိမ်းမှုအား ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးတို့ ပြန်လည် ထွန်းကားရေးအတွက် လွတ်လပ်သော မီဒီယာအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကာ မဇ္ဈိမ ၏ Facebook စာမျက်နှာများ၊ Websites ၊ TV channel (PSI စလောင်း)၊ Application၊ Youtube၊ Twitter နှင့် Instagram များ၌ သတင်းများကို ပုံမှန်အတိုင်း တက်ဆက်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

Mizzima ရုံး ကို ရဲနှင့် စစ်တပ်က ဝင်ရောက် ဖျက်ဆီးသွားပြီးနောက် မြင်တွေ့ရသည့် အခြေအနေ

ဒီဗွီဘီ သတင်းဌာနကလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထပ်ဆင့် ထုတ်လွှင့်ပေးသော ဒီဗွီဘီ ရုပ်မြင်သံကြား လိုင်းကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပိတ်သိမ်းခဲ့သလို ဒီဗွီဘီ သတင်းထောက်များကိုလည်း အကြမ်းဖက် ဖမ်းဆီခဲ့ပြီး လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် ထုတ်ဖော်တင်ပြခွင့် (Freedom of Expression) ကို ကန့်သတ်ပိတ်ပင်လိုက် ခြင်း ဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဒီဗွီဘီသတင်းဌာနသည် လွတ်လပ်သော သတင်းဌာနအဖြစ် ရပ်တည်ပြီး မြန်မာပြည်သူများ၏ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေး တိုက်ပွဲများကို အစဉ်အမြဲ ထောက်ခံအားပေးနေမည်ဖြစ်ကြောင်း၊ ဒီဗွီဘီ သတင်းဌာန၏ ရုပ်မြင်သံ ကြား သတင်းအစီအစဉ်များကို PSI စလောင်းဖြင့် ဖမ်းယူကြည့်ရှုနိုင်သလို DVB ဝက်ဘ်ဆိုက် (burmese.dvb.no )၊ DVB Facebook စာမျက်နှာ (DVB TV News) နှင့် DVB Youtube များတွင်လည်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရ သည်။

၎င်းတို့နည်းတူ Myanmar Now နှင့် ခေတ်သစ် မီဒီယာတို့သည်လည်း ယနေ့ မတ်လ ၉ ရက်နေ့၌ ပုံမှန်အတိုင်း သတင်း တင်ဆက်နေကြဆဲ ဖြစ်သည်။

7Day မီဒီယာကမူ ၎င်းတို့၏ အွန်လိုင်းနှင့် သတင်းစာ ထုတ်လုပ် တင်ဆက်နေမှုများကိုလည်း ယနေ့စတင်ပြီး ယာယီ ရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယခု ရပ်နားမှုသည် ယာယီသာ ဖြစ်ပြီး သတင်းများ ပုံမှန်အတိုင်း ပြန်လည် တက်ဆက်နိုင်ရန်အတွက် ပြင်ဆင်နေလျက်ရှိပြီး မကြာမီတွင် အခြား အသွင်တမျိုးဖြင့် ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း 7Day မီဒီ ယာမှ အကြီးတန်း သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။

7Day မီဒီယာ ဆက်လက် ရပ်တည်သွားမည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရန် ယင်းသတင်းစာ၏ အယ်ဒီတာ ချုပ် ဦးအားမာန်သို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားလျက် ရှိသည်။

သတင်းစာဆရာ တဦးက “မီဒီယာသမားတွေက ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနေတဲ့သူတွေ။ သူတို့က သူခိုးလည်း မဟုတ်ဘူး၊ ဓားပြလည်း မဟုတ်ဘူး။ သတင်းမှန် ရဖို့အတွက် ပြည်သူတွေအတွက် နားနဲ့ မျက်စိကို ကန့်သတ်လိုက် တာပဲ။ အခုလို မီဒီယာတွေကို ကန့်သတ်ပိတ်ပင်တာ အကြမ်းဖက်တာတွေက ပြည်သူတွေအတွက် စိတ်မချမ်းမြေ့ စရာပါပဲ” ဟု ပြောသည်။

ယင်းပြင် စစ်ကောင်စီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအတိုင်း ဆောင်ရွက်နေဆဲဆိုပါက အခန်း ၁၉ ပါ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်များအတွက် ပြဋ္ဌာန်းချက်များကို ချိုးဖောက် ကျူးလွန်နေလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ မတ်လ ၉ ရက်တွင်လည်း ပြည်တွင်း မီဒီယာတခုဖြစ်သည့် ကမာရွတ်မီဒီယာ၏ ရုံးခန်းသို့ ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး အယ်ဒီတာနှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ထို့ပြင် တခြား သတင်းဌာနများမှ ဓာတ်ပုံသတင်းထောက်နှင့် သတင်းထောက်တချို့လည်း ဖမ်းဆီးထိန်းသိမ်းခံ ထားရလျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁ လကျော် ကာလအတွင်း၌ ပြည်တွင်း သတင်း မီဒီယာများ ဖြစ်သည့် The Voice ၊ Myanmar Time ၊ Eleven မီဒီယာတို့သည် ၎င်းတို့၏ သတင်းစာနှင့် ဂျာနယ်များကို ထုတ်ဝေမှု ရပ်နားလိုက် ကြ သည်။

လက်ရှိတွင် စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း၊ MRTV ရုပ်မြင်သံကြားလိုင်းများမှ တဆင့် စစ်ကောင်စီက သတင်းများကို ထုတ်လွှင့်ပေးလျက်ရှိပြီး ထိုရုပ်သံလိုင်းများကို ကြည့်ရှုသူ နည်းပါးလျက်ရှိကာ၊ လူမှုကွန်ရက်ပေါ်ရှိ စစ်ကောင်စီ၏ မြဝတီ Page၊ သတင်းမှန် ပြန်ကြားရေး page၊ MRTV Page တို့မှာ ဖယ်ရှားခံထားရခြင်းအပြင် Youtue တွင်လည်း ဖြုတ်ချခံထားရသည်။

You may also like these stories:

ကမာရွတ်မီဒီယာကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ ဦးကို ဖမ်းဆီး

NLD ပါတီဝင်တဦး ဖမ်းခံရစဉ် ထပ်မံသေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading