သတင်း

ဖမ်းခံရသည့် ပဲခူး NLD ပါတီဝင် ကိုဂျမားနှင့် မိသားစုဝင်များ အဆက်အသွယ်မရ

Want create site? Find Free WordPress Themes and plugins.

ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) မှ စစ်သားများက ယမန်နေ့ ညနေ ၆ နာရီခန့်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်း ဖမ်းဆီးသွားခဲ့သည့် ပဲခူးမြို့နယ် NLD ပါတီဝင် ကိုဂျမားသည် မိသားစုဝင်များ ယခု အချိန်အထိ အဆက်အသွယ် မရကြောင်း သိရှိရသည်။

ကိုဂျမားသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ပုလဲလမ်းရှိ ၎င်း၏ နေအိမ်၌ ရှိနေစဉ် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကိုဂျမား၏ ညီမဖြစ်သူ မထူးထူးအောင်က “ဂျမားမိန်းမနဲ့ ညီမတို့နဲ့က အပြင်ရောက်နေတယ်။ ညီမတို့က လမ်းတွေကိုဝင် တဲ့အချိန်မှာ စစ်ကားတွေက ပုလဲလမ်းထဲမှာ ပိတ်ထားတယ်။ ပြီးတော့ အစ်ကိုက အပေါ်ထပ်ကနေ ပြေးဆင်းလာတဲ့ အချိန် မှာ တန်းပြီးဖမ်းတယ်။ နောက်ပြီး သူတို့က ကားသော့တောင်းတော့ မေမေကလည်း လူကြီးဆိုတော့ ကတုန်ကယင် နဲ့ မေမေ့ကို သေနတ်နဲ့ချိန်ပြီး ကားပါ ရအောင်ယူသွားတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတာ မပြောဘဲနဲ့ ကိုဂျမားကို ကုတ် ဆွဲပြီး ကားပေါ်ပစ်တင်သွားတယ်။ အဲဒီ အချိန်ကတည်းက ညီမတို့ မိသားစုက စိတ်ပူနေတယ်။ ဘာအဆက်အသွယ်မှ မရ ဘူး” ဟု ပြောပြသည်။

ကိုဂျမားသည် ပဲခူးမြို့နယ် NLD ပါတီ၏ လူငယ်စည်းရုံးရေးအဖွဲ့ဝင်ဖြစ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်များတွင် လုံခြုံရေး လိုက်ပါဆောင်ရွက်နေသူ တဦးလည်းဖြစ်သလို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပဲခူးမြို့တွင် ပေါ်ပေါက်လာသည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ၌လည်း ပါဝင်လှုပ်ရှားနေသူ ဖြစ်သည်။

ကိုဂျမားကို ခိုင်မာသည့် အကြောင်းပြချက်မရှိဘဲ အင်အား အလုံးအရင်းဖြင့် အဓမ္မ ဖမ်းဆီးသွားသည့်အပေါ် မိသားစုအနေ ဖြင့် လက်မခံနိုင်ကြောင်း၊ ကိုဂျမားကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း မထူးထူးအောင်က ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ကိုဂျမား သေဆုံးပြီဟူသော သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်နေသော်လည်း မိသားစုက အတည်ပြုခြင်း မရှိပါ။

ထို့ပြင် ပဲခူးမြို့နေ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် မူလတန်းပြ ဆရာတဦးဖြစ်သူ ဦးလှိုင်မျိုးဝင်း၏ အိမ်ကိုလည်း ယင်းနေ့ ည ၁၁ နာရီ ဝန်းကျင်တွင် ရဲနှင့်စစ်တပ်က ခြံတံခါးကို ဖျက်ဆီးပြီး ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း ဦးလှိုင်မျိုးဝင်း၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော် ဆရာဦးလှိုင်မျိုးဝင်းသည် ၎င်း၏ နေအိမ်တွင် ရှိမနေသဖြင့် အဖမ်းမခံလိုက်ရဟု ဆိုထားသည်။

ပဲခူးမြို့ အထွေထွေ သပိတ်ကော်မတီ ဦးဆောင်သူတဦးက စစ်တပ်နှင့် ရဲသည် လူထုကို လမ်းပေါ်မထွက်ရန် တဖက်၌ သေနတ်များဖြင့် ခြောက်လှန့် ပစ်ခတ်နေပြီး အခြားတဖက်တွင်လည်း လူဖမ်းပွဲများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောဆို သည်။

၎င်းက “ညက ဖောင်တော်ဦး ရပ်ကွက်မှာ သေနတ်တွေ တောက်လျှောက် ဖောက်ပြီးတော့မှ လူတွေ အဲဒီကို အာရုံစိုက်နေ တဲ့ အချိန်မှာ ဆရာလှိုင်မျိုးဝင်းအိမ်ကို ဝင်ရှာတာမျိုး လုပ်သွားတာပေါ့။ အကြောက်တရားနဲ့ နေနေရအောင် လုပ်တဲ့ပုံမျိုး ဖြစ်နေတယ်။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ သူတို့ ဘယ်လိုပဲ ကြောက်အောင်လုပ်လုပ် ကျနော်တို့ ပင်မသပိတ်စစ် ကြောင်းကတော့ ဆက်ပြီး ထွက်နေဦးမှာပါ” ဟု ပြောသည်။

ပဲခူးမြို့တွင် စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိ အချိန်အထိ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ အရပ်သားနှင့် ကျောင်း သားစုစုပေါင်း အယောက် ၂၀ ခန့်ကို စစ်တပ်နှင့်ရဲက ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စာရင်း အတိအကျကိုမူ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ယနေ့ (မတ် ၁၀ ရက်) နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြီးနောက် လူစုခွဲလိုက်သော ပဲခူးမြို့ အထွေထွေ သပိတ်စစ် ကြောင်းမှ လူငယ်များကိုလည်း စစ်တပ်နှင့်ရဲက လူစုကွဲချိန်စောင့်ပြီး လိုက်လံဖမ်းဆီးနေကြောင်း ပဲခူးမြို့ အထွေထွေ သပိတ်ကော်မတီထံမှ သိရသည်။

You may also like these stories:

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading