ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကို ဒိုင်းကာ လုပ်ပေးသည် ဟုဆိုကာ သံပန်း ဆိုင်ပိုင်ရှင်၏ အမျိုးသမီးနှင့် ဝန်ထမ်း စုစုပေါင်း ၈ ဦးကို အမှတ် (၂) ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု သတင်း ရရှိသည်။
ရဲတပ်ဖွဲ့က ယနေ့မနက်ပိုင်း ၁၁ နာရီကျော်တွင် မြစ်ကြီးနားမြို့ လယ်ကုန်းနယ်မြေ၊ မြစေတီကျောင်းလမ်းရှိ ရာကျော် သံ ပန်းဆိုင်ကို ဝိုင်းပြီး ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူ ၈ ဦးမှာ သံပန်းဆိုင်ပိုင်ရှင်၏ အမျိုးသမီး၊ ညီတော်စပ်သူတဦးနှင့် ဝန်ထမ်း ၆ ဦးတို့ ဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲမှ ဝန်ထမ်း တဦး၏ မိသားစုဝင်တဦးက “မနက်က ဖမ်းတာ သံပန်းလုပ်တဲ့ ကလေး ၆ ယောက်၊ အိမ်သားက ၃ ယောက်၊ အဲဒီထဲမှာ ဆိုင်ရှင်ရဲ့ အစ်ကိုတော်တဲ့ တယောက်ကတော့ ပြန်လွတ်လာပြီ။ အခုထိ ဖမ်းခံထား ရတာ ၈ ဦးပါ။ ဖမ်းခံရတဲ့ထဲ ဆိုင်ပိုင်ရှင် မပါဘူး။ လာဖမ်းတုန်းက ဆိုင်ရှင်ကို မတွေ့လို့ သူ့အမျိုးသမီးကို ခေါ်သွားတာပါ” ဟု ပြောသည်။
မိသားစုဝင်များက ရဲစခန်းသို့ လိုက်လံစုံစမ်းကြရာ မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်းတွင် ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းတို့ အဓိက ဖမ်းဆီးလိုသည်မှာ ဆိုင်ပိုင်ရှင်ဖြစ်ကြောင်းလည်း ပြောဆိုသည်ဟု သိရသည်။
အဆိုပါ မိသားစုဝင်က “ဖမ်းတာက ဒီမှာ ဒိုင်းကာ လုပ်တာကို တိုင်တဲ့ လူရှိတယ်တဲ့။ ဓာတ်ပုံတွေနဲ့ လာဖမ်းတာပါ။ သူတို့ က ဒိုင်းကာလုပ်တဲ့ ပစ္စည်းတွေဆိုပြီး သံပန်းလုပ်တဲ့ ပစ္စည်းတွေ ဆေးမှုတ်တာတွေ ဂဟေဆက်တာတွေပါ အကုန်ယူသွား ပါတယ်။ ပြီးတော့ ဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီးကိုလည်း စာရွက်အလွတ်ကြီးမှာ လက်မှတ်ထိုးခိုင်းပါတယ်။ နမူနာဆိုပြီး ထိုး ခိုင်းတာပါ” ဟုလည်း ပြောသည်။
ရဲတပ်ဖွဲ့သည် မြစ်ကြီးနားမြို့တွင်း ဆန္ဒပြလူထုအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်များ၊ ဗီနိုင်းများ ထုတ်ပေးသည့် မိတ္တူဆိုင်၊ ဗီနိုင်းဆိုင်များကိုလည်း လိုက်လံ စုံစမ်းခြင်းများ ပြုလုပ်လျက် ရှိသည်။
မြစ်ကြီးနားမြို့တွင်း ဒေသခံ တသောင်းကျော်သည် ဖေဖော်ဝါရီ ၈ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်လျက် ရှိသည်။
လမ်းပေါ်ထွက်ကာ ဆန္ဒပြသည့် လူထုကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖြိုခွင်းလျက်ရှိပြီး မတ် ၈ ရက်က စစ်တပ်၏ ပစ်ခတ်မှု ကြောင့် အရပ်သား နှစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးသည့်အပြင် အခြားအရပ်သား ၅ ဦးလည်း ကျည်ထိ ဒဏ်ရာများ ရရှိခဲ့သည်။
သေဆုံးသူ နှစ်ဦးအနက် အသက် ၂၃ နှစ်အရွယ် မောင်ဇင်မင်းထက်သည် ဆန္ဒပြလူထု၏ ရှေ့ဆုံးတွင် ဒိုင်းကိုင်၍ အကာ အကွယ်ပေးသူ တဦး ဖြစ်သည်။
You may also like these stories:
ကျောက်မဲတွင် ဆန္ဒပြလူထုကို ဖြိုခွင်းပြီး လူငယ်၂ ဦးကို ရိုက်နှက် ဖမ်းဆီးသွား
စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ
NLD ပါတီဝင်တဦး ဖမ်းခံရစဉ် ထပ်မံသေဆုံး
စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ