ယမန့်နေ့ည ၁ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း အလုံမြို့နယ် အလုံလမ်းမပေါ်ရှိ Car Service စင်တာတခုကို ရဲ နှင့် စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဝန်ထမ်းအမျိုးသား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းခွင်ရှိ ကွန်ပျူတာများ၊ စီစီတီဗီ အပါအဝင် ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးသွားပြီး ဝန်ထမ်းများကိုလည်း အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားခဲ့သည့် အပြင် တိုယိုတာ Lexus ကားတစီးကိုလည်း သိမ်းဆည်သွားကြောင်း အဆိုပါစင်တာ၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။
“ကျနော်တို့ ဆိုင်က ဖေဖော်ဝါရီ ၅ ရက်နေ့လောက်ကတည်းက ပိတ်ထားတာပါ။ ဘာအကြောင်းကြောင့် ဒီလိုလုပ်တယ် ဆိုတာကို မသိရသေးပါဘူး။ တခုဖြစ်နိုင်တာက ကျနော်တို့ ရုံးက ဆန္ဒပြလူငယ်တွေရဲ့ သပိတ်စုရပ်နဲ့ နီးတော့ အဲဒီအကြောင်းပြချက်နဲ့ ဒီလိုဝင်လုပ်သွားတယ်လို့ ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။
ဖမ်းခံရသည့် ဝန်ထမ်းတချို့ကို ကတုံးတုံး၍ ခေါ်ဆောင်သွားသည်ဟု သိရသော်လည်း သီးခြားအတည်မပြုနိုင်ကြောင်း နှင့် ၎င်းတို့နှင့်ပတ်သက်ပြီး ယခုအချိန်အထိ မည့်သည့်အဆက်အသွယ်မှ မရှိသေး၍ ပြန်လည်လွတ်မြောက်ရန် စုံစမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ညက စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်ဆန္ဒပြလူငယ်များ၏ အဓိက စုရပ်နေရာများဖြစ်သည့် အလုံနှင့် စမ်းချောင်းမြို့နယ်တို့တွင် ရဲတပ်ဖွဲ့ နှင့် စစ်တပ်က ညပိုင်းအချိန်များတွင် ရပ်ကွက်များရှိ လူနေအိမ်များပေါ်သို့ စီးနင်းရှာဖွေ ခြင်း၊ လမ်းထဲရှိ မော်တော်ယာဉ်များကို ဖျက်ဆီးခြင်း နှင့် ရပ်ကွက်နေပြည်သူများ အော်ဟစ်ဆဲဆိုကြိမ်းမောင်းများ ပြုလုပ်ခဲ့ သည်။
You may also like these stories:
စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့
AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်
မြစ်ကြီးနားတွင် ဒိုင်းကာလုပ်ပေးသည်ဟု ဆိုကာ ၈ ဦး ဖမ်းထား