လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာစစ်ကောင်စီနှင့် မည်သည့် ဆွေးနွေးမှုမျှ မရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ငြင်းဆန်ခဲ့သည်။
မတ်လ ၉ ရက်နေ့က ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တခုတွင် INGO ၅ ခုနှင့် ပြုလုပ်ဆဲ ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့သည်။
ဒေါ်သက်သက်ခိုင်က People In Need ၊ Trocaire ၊ ChildFund Myanmar ၊ Christian Aid ၊ Mercy Corps တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘသန်းက ပြောကြောင်း ကြေညာချက် အရ သိရသည်။
နာရီပိုင်းအတွင်းမှာပင် အဆိုပါ အဖွဲ့အစည်း ၅ ခုလုံးက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစ၍ ဝန်ကြီးဌာနမှ အစည်းအဝေးသို့ တက်ရောက်ခြင်း သို့မဟုတ် မည်သည့် သဘောတူညီချက်မျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို စစ်ကောင်စီက ခန့်အပ်ထားသည့် ဒေါ်သက်သက်ခိုင်က ဦးဆောင်နေသည်။
သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ပါတီမှ နုတ်ထွက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို တည်ထောင်ခဲ့သည်။
သူ၏ ပါတီသည် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ပြီး ဒေါ်သက်သက်ခိုင်က သူဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲ ၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး NLD ၏ ကိုယ်စားလှယ်လောင်းက ၈၃ ရာခိုင်နှုန်း ရရှိခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားများအတွက် အခြေခံ လိုအပ်ချက်များကို ပံ့ပိုးပေးနေသည့် Trocaire က ၂၀၂၀ ခုနှစ် အစပိုင်း နောက်ပိုင်းတွင် သက်တမ်းတိုးရေး လုပ်ဆောင်နေသည့် နားလည်မှုစာချွန်လွှာတခု ရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမှုများ မရှိကြောင်း ငြင်းဆန်ခဲ့သည်။
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နှင့် ပညာရေးအတွက် ငွေကြေးနှင့် နည်းပညာ အထောက်အပံ့များ ပေးနေသည့် ChildFund Myanmar က ကြီးမားသော အခက်အခဲများနှင့် ကြုံနေရသည့် အချိန်တွင် မြန်မာပြည်သူများနှင့် အတူ ရပ်တည် နေခဲ့ကြောင်း ပြောသည်။
မြန်မာပြည်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရန် လမ်းများပေါ်သို့ တက်လာခဲ့ကြသည်။
စစ်အစိုးရ၏ ဖြိုခွဲမှုများ အတွင်းတွင် ဆန္ဒပြသူ ၈၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်သည်။
မတ်လ ၁၀ ရက်နေ့ အထိ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ စာနယ်ဇင်း သမားများ၊ စာရေးဆရာများ၊ ရုပ်ရှင် သရုပ်ဆောင်များ နှင့် သပိတ်မှောက်သည့် အရပ်ဘက် ဝန်ထမ်းများအပါအဝင် လူ ၂၀၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
သူတို့ထဲမှ ၁၆၂၀ ခန့် မှာ ထိန်းသိမ်းခံထားရဆဲ သို့မဟုတ် တရားစွဲဆိုခြင်းများနှင့် ရင် ဆိုင်ကြရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကပြောသည်။
You may also like these stories:
တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ
ဧရာဝတီသတင်းဌာန ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရ
ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ထိပ်တန်းအရာရှိ ၂ ဦး နုတ်ထွက်စာတင်
မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ