သတင်း

ပြည်နယ်စီမံအုပ်ချုပ်ရေးတွင် နေရာပေးရန် စစ်ကောင်စီနှင့် ANP တို့ ဆွေးနွေးမည်

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး အဖွဲ့တွင် နေရာ ရရှိရေးအတွက် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီထံ တင်ပြကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ANP ပါတီ ခေါင်းဆောင်များက ပြောသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ပါတီဗဟိုကော်မတီ အစည်းအဝေးကို စစ်တွေမြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ၂ ရက် တာ ကျင်းပခဲ့ပြီး ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီနိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက ပြော သည်။

ဦးဖေသန်းက “ပထမ ကျနော်တို့ ၇ ချက် တောင်းဆိုခဲ့တယ်။ အဲဒီမှာ အများစု ရတယ်လို့ ပြောလို့တယ်။ သို့သော် လည်း မြောက်ဦး ဗဟိုကော်မတီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ရအောင် လုပ်မယ်ဆိုပြီး ဆုံး ဖြတ်ထားတယ်။ အဲဒါ မရသေးဘူး။ အဲဒါရဖို့အတွက် ကျနော်တို့ မနေ့က အစည်းအဝေးမှာ ဆွေးနွေးကြတယ်။ ရှေ့ ဆက်ပြီး နိုင်ငံတော် ကောင်စီနဲ့ ဆွေးနွေးသွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက မြောက်ဦးမြို့နယ်အတွင်း ပါတီ ဗဟိုကော်မတီ အစည်းအဝေး တရပ်ကို ကျင်းပခဲ့ပြီး ထို အစည်းအဝေးတွင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းသည် ရခိုင်အမျိုးသား အကျိုးစီပွား ဖြစ်ထွန်းမှု ရှိ၊ မရှိကို အချိန် အတိုင်းအတာ တခုထိ စောင့်ကြည့်ရန် ဆုံးဖြတ်ချက်တခု ချက်ခဲ့ကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

လက်ရှိအချိန်တွင် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်မှာ နိုင်ငံတော်အဆင့် ကောင်စီတွင် ပူူးပေါင်း ပါဝင်ပြီး နိုင်ငံတော်အဆင့် မူဝါဒပိုင်းဆိုင်ရာများကို တင်ပြဆွေးနွေးနေသော်လည်း ရခိုင်ပြည်နယ် အကျိုးစီးပွားဖြစ် ထွန်းအောင်ဆောင်ရွက်ရန် ပြည်နယ်အဆင့်တွင်လည်း စီမံခန့်ခွဲပိုင်ခွင့် အာဏာလိုအပ်ကြောင်း ပါတီခေါင်းဆောင် ဦးဖေသန်းက ဆိုသည်။

ထိုတောင်းဆိုချက်များ ရ၊ မရ အပေါ် မူတည်ပြီး စစ်ကောင်စီနှင့် ဆက်လက် လက်တွဲမည် သို့မဟုတ် လက်တွဲဖြုတ် မည် ဆိုသည်ကိုလည်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “အာဏာရ ကောင်စီ အပေါ်မှာ မိမိတို့ရဲ့တောင်းဆိုချက်တွေက ရ၊ မရနဲ့ အမျိုးသား အကျိုးစီးပွား ဖြစ် မ ဖြစ်ဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ ပြန်လည် သုံးသပ်သွားမယ်။ ဆက်လက် လက်တွဲသွားဖို့လည်း ဖြစ်နိုင်တယ်။ သို့ မဟုတ် ရခိုင်အမျိုးသား အကျိုးစီးပွားကို အထောက်အကူ မပြုဆိုရင်တော့ ကျနော်တို့အနေနဲ့ လက်တွဲဖြုတ်ဖို့လည်း အဆင်သင့် ရှိတယ်”ဟု ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။

ANP သည် အာဏာသိမ်း စစ်ကောင်စီနှင့် သွားရောက် ပူးပေါင်းသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင် အရပ်ဘက် အဖွဲ့ အစည်းတခုဖြစ်သည့် ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးထွန်းကြည်က နိုင်ငံရေးပါတီတခု ဆို သည်မှာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရမည့် အဓိက ဒေါက်တိုင်တခုသာ ဖြစ်သင့်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းတဲ့ စစ်တပ်အပေါ်မှာ သွားပြီးတော့ ပူးပေါင်းလိုက်တယ်ဆို တာက သူတို့ ပါတီရဲ့ အိုင်ဒီယာတမျိုးပဲ။ ဆိုတော့ အဲဒါက ANP ပါတီရဲ့ သွားရာလမ်းပေါ့။ သူသည် ဒီမိုကရေစီနဲ့ လူထု ရဲ့ အခွင့်အရေးကို ဒေါက်တိုင်ပြုတဲ့ စနစ်ထက် အာဏာရှင် အုပ်စိုးတဲ့ စနစ်ကို ပိုပြီးတော့ မြတ်နိုးတဲ့ ပုံစံမျိုးကို မြင်ရ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် စီမံခန့်ခွဲမှု ကောင်စီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီမှ ဒေါက်တာ အောင်ကျော်မင်းကို ခန့်အပ် တာဝန်ပေးထားသလို ကောင်စီဝင်များ အဖြစ်လည်း အရပ်ဘက်က ၎င်း တို့နှင့် နီးစပ်သူများကို တာဝန်ပေးထားသည်ကိုလည်း တွေ့ရသည်။

ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံံ့ဖြိုးရေးအတွက် ပြည်နယ် ကောင်စီဥက္ကဋ္ဌ နေရာနှင့် ကောင်စီအဖွဲ့ဝင်၂ နေရာပေးရန်၊ ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ အများစုကို ရခိုင်အမျိုးသား ပါတီဝင်များ အား ခန့်အပ်တာဝန်ပေးရန်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ စီမံအုပ်ချုပ်ရေး ကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြု ပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးရန်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌထံ တင်ပြ တောင်းဆိုခဲ့သည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆို ခံနေရသော အမှုများ ကို ရုပ်သိမ်းပြီး ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန်၊ ရက္ခိုင်စစ်တပ် (AA) ကိုအကြမ်းဖက် အဖွဲ့အဖြစ်မှ ရုပ်သိမ်းပေးရန် စသည့်တို့ အပါအဝင် အချက် ၇ ချက် တောင်းဆိုထားသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက် တပ်မတော်က အာဏာအရပ်ရပ်ကို ရယူပြီး စစ်အာဏာသိမ်းကာ နိုင်ငံတော်စီမံ အုပ် ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်နှင့် ရန်ကုန်တိုင်း အစိုး ရ အဖွဲ့တွင် ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်အေးမောင်တို့ စစ်ကောင်စီတွင် ပူးပေါင်း ပါဝင်ခဲ့သည်။

ထိုသို့ ရာထူးလက်ခံ ပူးပေါင်း ပါဝင်သွားသည့်အတွက် ရခိုင်ပြည်သူများကြားတွင်လည်း ပြစ်တင် ဝေဖန်မှုများ မြင့် တက်နေဆဲ ဖြစ်သလို ပြီးခဲ့သော ဖေဖော်ဝါရီလ ၇ ရက် ရက်စွဲဖြင့် ရခိုင် အရပ်ဘက် အဖွဲ့ ၄၇ ဖွဲ့ကလည်း ANP အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပူးပေါင်း ပါဝင်နေခြင်း အပေါ် ပြန်လည် သုံးသပ်ပြီး လက် ခံခြင်းမပြုရန် တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

You may also like these stories:

AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်

သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ANP ပါတီဗဟိုကော်မတီဝင်တဦး နုတ်ထွက်

စစ်ကောင်စီ ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ ALD မတက်

စစ်ကောင်စီတွင် ဦးဇော်အေးမောင်ပါဝင်ခြင်းမှာ ပါတီမူနှင့် ကွဲလွဲမှု မရှိဟု ANP ပြော

Loading