ရုရှားအနေဖြင့် မြန်မာနိုင်ငံမှ ဖြစ်ပေါ်နေသည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြှာ လေ့လာနေ ကြောင်း ရုရှားအစိုးရ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောကြောင်း ရုရှးတပ်စ် သတင်းတွင် ဖော်ပြသည်။
“အခုဖြစ်နေတဲ့အခြေအနေက တုန်လှုပ်စရာကောင်းတယ်လို့ ကျနော်တို့သုံးသပ်ပြီး မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုမြင့်မားလာနေတဲ့ သတင်းတွေဝင်လာနေတာကို ကျနော်တို့ စိုးရိမ်နေတယ်။ မြန်မာနိုင်ငံကိုကျနော်တို့ အနီးကပ်စောင့်ကြည့်နေတယ်” ဟု ဒီမီထရီ ပက်စ်ကောဗ်က အလေးထားပြောသည်။
ရုရှားသည် အခြားနိုင်ငံများကဲ့သို့ မြန်မာနှင့် စစ်ဖက်နည်းပညာပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့မည်လားဟု မေးသည့် သတင်းထောက်အမေးကို ပက်စ်ကော့ဗ်က “ကျနော်တို့က အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေတယ်” ဟုပြောသည်။
လတ်တလော မြန်မာစစ်တပ်က ဆန္ဒပြသူများကို တရက်တည်း ၁၂ ဦး ပစ်သတ်ကာ လူဒါဇင်ပေါင်း များစွာ ဒဏ်ရာခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြချက်အရ စစ်တပ်နှင့် ရဲ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသည့် ဆန္ဒပြသူ အနည်းဆုံး ၇၀ ခန့်ရှိပြီဟု တပ်စ်သတင်းက ဆိုသည်။
အာဏာမသိမ်းမီ ၂ပတ်အလို ဇန်နဝါရီလ ၂၂ ရက်က ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေရှိုဂုနှင့် ဒုကာကွယ်ရေးဝန်ကြီးတို့ မြန်မာနိုင်ငံသို့ ရောက်လာကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် စစ်ခေါင်းဆောင်များနှင့် သီးသန့်ဆွေးနွေးခဲ့ပြီးနောက် ၉ ရက်အကြာ စစ်တပ်က အာဏာသိမ်းခြင်းဖြစ်သည်။
ထိုသို့ အာဏာသိမ်းရန် ရုရှားမှ အခါတော်ပေး မီးစိမ်းပြခဲ့သည်ဟု မြန်မာလူထုက သံသယရှိနေသည့် အတွက် ရုရှားသံရုံးကို ဆန္ဒပြကာ မြန်မာပြည်သူများအကြား ရုရှားနှင့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ပိုမိုပြင်းထန်လာနေသည်။
You may also like these stories:
အာဏာသိမ်းဖို့ ဗိုလ်ချုပ်တွေကို ရုရှားက သွေးထိုးလှုံဆော်ပေးခဲ့သလား