ယမန်နေ့က ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ဘုရားလမ်း မှတ်တိုင်အနီး၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများ နှင့် မသက်ဆိုင်သည့် ရပ်ကွက်နေ အသက် ၁၅ အရွယ် ကလေးတဦးကို စစ်တပ်နှင့် ရဲက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ထို ကလေး၏ မိသားစုက ဧရာဝတီသို့ အတည်ပြု ပြောသည်။
ထို အသက် ၁၅ အရွယ် မောင်ထက်အောင်လင်းသည် မတ်လ ၁၂ ရက် နေ့ယ် ၁၁ နာရီဝန်းကျင်ခန့်တွင် သင်္ယန်းကျွန်း မြို့နယ် ဘုရားလမ်းမှတ်တိုင်အနီး၌ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားခဲ့ရပြီး အသက်မပြည့်သေး သည့်အတွက် ညနေ ၆ နာရီခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျမ တူလေးက လမ်းထိပ်မှာ မုန့်ထွက်ဝယ်ရင်း အဖမ်းခံခဲ့ရတာ ကလေးက ပြန်ရှင်းပြတာကို လက်မခံဘဲ တကိုယ်လုံးကို ရိုက်နှက်ထားတာ ရစရာကို မရှိတော့ဘူး” ဟု ၎င်း၏ အဒေါ်ဖြစ်သူ မမေသစ္စာက ဧရာဝတီသို့ ပြောသည်။
အဆိုပါ အသက်မပြည့်သည့် ကလေးကို ဖမ်းဆီး ခေါ်ဆောင်သွားစဉ်တွင် ကျောနှင့် ဦးခေါင်းကို နံပါတ်တုတ်၊ သေနတ်ဒင် တို့ဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ ဆီးခုံကို ခြေထောက်ဖြင့် ကန်ခြင်း၊ ဝမ်းလျားမှောက်သွားခိုင်းစဉ်တွင် ခြေ ထောက်ဖြင့် တက်နင်းခြင်းနှင့် ကန်ကြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မောင်ထင်အောင်လင်း၏ ပြောပြချက်ကို ၎င်းက ပြန်လည် ပြောပြသည်။
ဦးခေါင်းကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာကြောင့် ယမန်နေ့ညက အစားစားစဉ် ပြန်လည် အန်ထွက်ခြင်း၊ ကျောနှင့် ကိုယ် ခန္ဓာတွင် ဒဏ်ရာ အများအပြား ရရှိထားခြင်းကြောင့် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေရကြောင်း မိသားစုထံက သိရသည်။
မမေသစ္စာက “ဆန္ဒထွက်ပြရင်း ဖြစ်သွားရင် တမျိုးပေါ့။ အခုဟာက ဆန္ဒပြတဲ့သူတွေနဲ့ တခြားစီ ရပ်ကွက်ထဲ ဝင်ဖမ်းသွား တာ။ သူတို့လုပ်ရပ်က ဆန္ဒပြမှ အန္တရာယ် ရှိတာ မဟုတ်တော့ဘူး။ ကလေးငယ်တွေ လမ်းသွားရင်း မုန်းစားသွားရင်း တောင် မလုံခြုံတော့တဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ပြောဆိုသည်။
မတ်လ ၁၂ ရက် ညပိုင်းတွင် မန္တလေးမြို့၌လည်း မြရည်နန္ဒာအိမ်ရာရှိ အများပြည်သူများသို့ ဝင်ရောက် ဖမ်းဆီးရာတွင် အသက် ၁၈ နှစ်အောက် ကလေးတဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်နေသည့် ဗီဒီယိုနှင့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့သည်။
You. may also like these stories:
မြိုင်တွင် အကြမ်းဖက်ပစ်ခတ်မှု ၆ ဦးသေဆုံး
ရဲနှင့် တပ် အလုံလမ်း Car Service ကို ဝင်ရောက်ဖျက်ဆီး၊ ဝန်ထမ်း ၁၀ ဦးကို ဖမ်းသွား