ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က ကျည် အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့်အတွက် လူငယ်တဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်း ရရှိ သည်။
ပြည်မြို့ခံတဦးက “သပိတ်စစ်ကြောင်းက ပြည်တက္ကသိုလ်နားက ရွှေတစ်ချောင်းလမ်းပေါ်မှာ ရှိနေတုန်း ရဲနဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်တာ။ ကျနော် သိတာတော့ ၁ ယောက် သေတယ်။ ၄ ယောက် ဒဏ်ရာ ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်က သပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ ပစ်ခတ်တဲ့အတွက် မေးရိုးထိ ၁ ဦး၊ ပေါင်ထိသူ ၁ ဦး၊ ဗိုက် ထိသူ ၁ ဦး၊ ကျောဘက်ခါးနေရာကို ထိသူ ၁ ဦး ရှိခဲ့ပြီး သေနတ် ဒဏ်ရာရထားသူ ၁ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ပြည်မြို့ခံများက ပြောသည်။
သေဆုံးသူမှာ ပြည်ဒေသခံ ရန်ကုန် ရေကြောင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုထက်မြက်အောင် (၁၉ နှစ်) ဖြစ်ကြောင်း ပြည်မြို့ခံများထံက သိရသည်။
သပိတ်စစ်ကြောင်းတွေ ပါဝင်သူတဦးက “မနက်က ကိုဖုန်းမော် အထိမ်းအမှတ်အနေနဲ့ ၉ နာရီလောက်မှာ စပြီး စုကြ တယ်။ အဲဒီအချိန်မှာပဲ သူတို့တွေ ရောက်လာပြီး လူစုခွဲတယ်။ စပစ်တာက အသံဗုံးဖောက်တာ၊ မီးခိုးဗုံးတွေ ဖောက်ပြီး ကျည်အစစ်ရော၊ ရာဘာကျည်ရော စပစ်တယ်။ ဘာသတိပေးချက်မှ မရှိဘူး။ တွေ့တာနဲ့ ပစ်တာ။ ဗိုက်ထိတဲ့ တ ယောက်က နေ့လယ်က ဆုံးတယ်။ ဦးခေါင်းထိတဲ့ တယောက်လည်း ဆုံးတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာတော့ မသိသေးဘူး။ အခြေအနေတွေသိဖို့ ကြိုးစားနေတုန်းပဲ” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “မတရားမှုကို ဆန့်ကျင်တဲ့သူတွေက လမ်းပေါ်ကို ထွက်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ် တတ်နိုင်တဲ့ နေရာအသီးသီးကနေ ဆန္ဒပြနေကြပြီ။ အများပြည်သူလည်း ကိုယ်နိုင်တဲ့ဘက်က ဝန်းရံ အားဖြည့်ပေး ကြဖို့ ပြောချင်ပါတယ်” ဟုဆိုသည်။
ပြည်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖေဖော်ဝါရီ ၆ ရက်မှ စတင်၍ ကျောင်းသားလူငယ်များက ဦးဆောင်ကာ နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်နေခြင်းဖြစ်ပြီး ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည့်အတွက် လူသေဆုံးမှု ဖြစ်စဉ်မှာ ပြည်မြို့တွင် ယနေ့ ပထမဆုံး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မုန့်ထွက်ဝယ်သည့် ကလေး စစ်တပ်နှင့်ရဲ ဖမ်းဆီးရိုက်နှက်