ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယမန်နေ့က စစ်တပ်နှင့် ရဲများက အကြမ်းဖက် ပစ်ခတ် မှုများ ထပ်မံ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် သပိတ်ခေါင်းဆောင် ဟုဆိုကာ လူငယ်သုံးဦးကို လာရောက် ရိုက်နှက် ဖမ်းဆီးသွားခြင်းကြောင့် သာကေတ ဒေသခံများ ရဲစခန်းသို့ သွားရောက်ခဲ့စဉ် ပစ်ခတ်ခံရကာ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
“အသံဗုံးတွေခွဲ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်၊ ပစ်တာတွေက ကျည်အစစ်နဲ့ ပစ်တာပေါ့။ ၂ ယောက် သေသွားတယ်။ ၁ ယောက်ကတော့ ခေါင်းကို ပွင့်ထွက်ပြီးတော့ ဆုံးသွားတယ်။ နောက်တယောက်က ဓာတ်တိုင် အကွယ်လေးကနေပြီး နည်းနည်းလေး ချောင်းကြည့်တဲ့ အချိန်မှာပဲ ပါးကနေ ပေါက်ထွက်သွားတယ်” ဟု သကေတမြို့နယ် ဒေသခံတဦးက ပြောသည်။
သာကေတမြို့နယ်၂ (တောင်) ရပ်ကွက်နေ အသက် ၃ရ နှစ်အရွယ်ရှိ ဦးစည်သူ နှင့် ၄၁ နှစ်အရွယ် ဦးအောင်အောင်ဇော် တို့သည် မတ်လ ၁၂ ရက် ညပိုင်း ပစ်ခတ်ခံရမှုတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လှိုင်မြို့နယ် ၁၆ ရပ်ကွက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကို လာရောက် ဖမ်းဆီးသဖြင့် အနီး အနား ရပ်ကွက်များက လာရောက် ဝန်းရံကြရာတွင် စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ သာကေတ ၁၃ ရပ်ကွက် နေ အသက် ၁၉ နှစ် အရွယ်ရှိသည့် လူငယ် ၁ ဦး၊ ဦးခေါင်းထိပြီး ပြင်းထန်ဒဏ်ရာ ရရှိကာ ၂ ဦး ကျည်ရှပ်ထိခဲ့ကြောင်း လှိုင် မြို့နယ် ဒေသခံများထံမှ သိရသည်။
“ဟိုကောင်တွေက ရှာတာ မတွေ့တော့ အထွက်မှာ ကားတွေရပ်ထားတာကို အနောက်ကနေ ညာသံပေးတာကို ပြန်ခါနီးမှာ ပစ်တာ။ ပစ်တော့ တယောက်က ခေါင်းထိတယ်။ ၂ ယောက်က ရှပ်ထိတော့ ဆေးရုံပို့တယ်” ဟု လှိုင်မြို့နယ် ဒေသခံက ဆိုသည်။
ခေါင်းထိမှန် ဒဏ်ရာရသူမှာ ယခုအချိန်ထိ ဆေးရုံတွင် ရှိနေသေးသော်လည်း အသက်အန္တရာယ် စိုးရိမ်နေရသည့် ရာခိုင် နှုန်းမှာများနေကြောင်း လိုက်ပါ ကူညီ ဆောင်ရွက်နေသူ တဦးက ပြောသည်။
“အသက်ရှင်ဖို့ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ မိသားစုကတော့ လက်လျှော့ထားလိုက်ပြီ” ဟု ၎င်းက ဆိုသည်။
နေ့အချိန် စစ်အာဏာရှင် ဆန့်ကျင် လှုပ်ရှားနေသူများကို စစ်တပ်နှင့် ရဲများက ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နင်းသည်သာမ က ညကြီးအချိန်မတော် ဝင်ရောက် ရိုက်နှက် ဖမ်းဆီးမှုများကို မြို့နယ် အသီးသီးတွင် ပြုလုပ်လာပြီး ပြန်လည် ခုခံသည့် မြို့နယ်များတွင် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်းနှင့် ဦးခေါင်းကို ပစ်မှတ်ထား ပစ်ခတ်ခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းယူသည့် ဖေဖောဝါရီ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံတဝှမ်းတွင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသူ ရ၀ ကျော်ရှိပြီ ဖြစ်သည်။
You may also like these stories:
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
မုန့်ထွက်ဝယ်သည့် ကလေး စစ်တပ်နှင့်ရဲ ဖမ်းဆီးရိုက်နှက်