မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုလ်တုကို ဂျပန်နိုင်ငံက နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထားလိုက်ပြီး ဂျပန်အာကာသအေဂျင်စီနှင့် ဂျပန်တက္ကသိုလ်တခုတို့က မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို စဉ်းစားနေကြောင်း ဂျပန်တက္ကသိုလ် အရာရှိနှစ်ဦးပြောသည်။
ဒေါ်လာ ၁၅ သန်းတန်သော ထိုဂြိုလ်တုကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်က မြန်မာနိုင်ငံအစိုးရထောက်ပံ့ခံ မြန်မာအာကာသလေကြောင်း အင်ဂျင်နီယာ တက္ကသိုလ် (MAEU) နှင့် ပူးတွဲစီမံကိန်းအရ တည်ဆောက်ခဲ့သည်။ ထိုဂြိုလ်တုသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို စောင့်ကြည့်ရန် ကင်မရာများတပ်ဆင်ထားသည့် အသေးစားဂြိုလ်တု တစုံအနက် ပထမဂြိုလ်တုဖြစ်သည်။
ထိုဂြိုလ်တုမှ ကင်မရာများကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုမည်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ဂျပန်အရာရှိအချို့က စိုးရိမ်ကြသည်။
ထိုသို့စိုးရိမ်ခြင်းကြောင့် ထိုဂြိုလ်တုအား ဖြန့်ချထားခြင်းကို ဆိုင်းငံ့ခဲ့ပြီး ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း ဟော့ကိုင်းဒိုး တက္ကသိုလ် အရာရှိ နှစ် ဦးပြောသည်။
“စစ်တပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကျနော်တို့က လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ဒီဂြိုလ်တုက စစ်တပ်အတွက် လုပ်ထားတာ မဟုတ်ဘူး” ဟု ထိုဂြိုလ်တု စီမံကိန်းတွင် မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သော အမည်မဖေါ်လိုသည့် အရာရှိက Reuters သို့ပြောသည်။
“ဘာဆက်လုပ်ရမယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးနေတုန်းဖြစ်ပြီး ဘယ်တော့ဒီဂြိုလ်တုကို ပြန်ချထားမယ်ဆိုတာ ကျနော်တို့ မသိသေးဘူး။ ဒီစီမံကိန်းကို ရပ်ဆိုင်းထားပေမယ့် တချိန်ချိန် ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟုလည်းသူပြောသည်။
ထိုဂြိုလ်တုကို မူလက မည်သည့်အချိန်တွင် ဖြန့်ချရန် စီစဉ်ခဲ့သည်နှင့် စီမံကိန်းကို ဆက်လုပ်မည် သို့မဟုတ် ဆိုင်းငံ့ထားမည်ကို JAXA က မည်သည့်အချိန်တွင် ဆုံးဖြတ်မည်ကိုလည်း ထိုအရာရှိက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။
MAEU နှင့် ကန်ထရိုက်စာချုပ်တွင် ထိုဂြိုလ်တုကို စစ်ရေးကိစ္စအတွက် မသုံးရဟု ပြဋ္ဌာန်ထားကြောင်း ဟော့ကိုင်းဒိုး တက္ကသိုလ်မှ ဒုတိယအရာရှိကပြောသည်။ သို့သော် ထိုဂြိုလ်တုမှ အချက်အလက်များကို ဟော့ကိုင်းဒိုး တက္ကသိုလ်ကသာ ရယူနိုင်ပြီး မြန်မာအရာရှိများအနေဖြင့် ထိုဂြိုလ်တုမှ အချက်အလက်များကို သီးခြားရယူနိုင်ခြင်း မရှိကြောင်း ထိုအရာရှိကပြောသည်။
စစ်အာဏာသိမ်းပြီးမှ စတင်ပြီး ဟော့ကိုင်းဒိုး တက္ကသိုလ် အရာရှိများသည် MAEU ၏ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို ဆက်သွယ်နိုင်ခြင်း မရှိတော့ကြောင်း ထိုအရာရှိကပြောသည်။
JAXA မှ အရာရှိများကို ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ MAEU ကလည်း ဆက်သွယ်မှုကို ပြန်လည်ဖြေကြားခြင်း မရှိသလို စစ်ကောင်စီပြောခွင့်ရသူကလည်း တုံ့ပြန်ပြောဆိုခြင်း မရှိပေ။
ထိုဂြိုလ်တုကို နာဆာက ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ကမ္ဘာ့အထက် မိုင် ၂၅၀ ရှိ နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်သော များပြားလှသော ထောက်ပံ့ရေး ပစ္စည်းများ၏ သေးငယ်လှသော အစိတ်အပိုင်းတခုအဖြစ် လွှတ်တင်ပေးခဲ့သည်။ ထိုအချိန်မှစ တင်ပြီး ထိုဂြိုလ်တုကို JAXA က ဂျပန်၏ ကီဘို စမ်းသပ်ရေး အစိတ်အပိုင်းတွင် ထိန်းသိမ်းထားသည်။ JAXA မှ အာကာသယာဉ်မှူး ဆွိုင်ချီ နိုဂူချီသည် နိုင်ငံတကာ အာကာသစခန်းတွင် ရောက်ရှိနေသည့် အာသာသယာဉ်မှူး ၇ ဦးအနက် တဦးဖြစ်သည်။
ဂျပန်သည် မြန်မာနှင့် နီးကပ်သောဆက်ဆံရေးရှိပြီး မြန်မာ၏ အကြီးမားဆုံး အလှူရှင်များအနက် တဦးဖြစ်သည်။ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းကို ပြစ်တင်ရှုတ်ချသော်လည်း ဂျပန်သည် မြန်မာ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး တင်းမာသည့် သဘောထားမရှိပေ။ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကမူ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။
ထိုဂြိုလ်တုကို စစ်ရေးကိစ္စများအတွက် တည်ဆောက်ထားခြင်း မဟုတ်သော်လည်း မြန်မာစစ်ကောင်စီအနေဖြင့် စစ်ရေးအတွက် ထိုဂြိုလ်တု၏ နည်းပညာများကို အလွယ်တကူ အသုံးပြုနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ အာရှဒေသဆိုင်ရာ အစီအစဉ် အရာရှိ တက်ပီ ကာဆိုင်းပြောသည်။
“ဒါကြောင့်မိုလို့ ဒီစီမံကိန်းမှာ ပါဝင်တဲ့ တက္ကသိုလ်တွေအနေနဲ့ စီမံကိန်းကို ဆိုင်းငံ့သင့်ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု အန္တရာယ်ကို ချက်ခြင်းသုံးသပ်သင့်တယ်” ဟု ကာဆိုင်းပြောသည်။
ကိုးကား။ ။ Reuters
You may also like these stories:
စစ်အာဏာသိမ်းအပြီး ဂျပန်-မြန်မာ ဆက်ဆံရေး ဘာလဲ ဘယ်လဲ
တရုတ်အဆိုပြုချက် လက်ခံသင့် မသင့်
မြန်မာ့ဖြစ်ရပ်များ ရုရှားစိုးရိမ်နေ