ပင်းတယ မီးအိမ်ရှင် အဖြစ်ကျော်ကြားသည့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်အား ပုသိမ်မြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူး တင်နိုင်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း မိသားစုဝင်များထံက သိရသည်။
ဒေါက်တာ သန်းမင်းထွဋ်ကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်း စီမံအုပ်ချုပ်ရေး ကောင်စီရုံးတွင် အစည်း အဝေး ရှိသည်ဟု ပြောဆိုကာ ခေါ်ယူခဲ့ပြီး ယင်းအစည်းအဝေးမှ အပြန်တွင် သတင်းရဲတပ်ဖွဲ့က အဖြူရောင်ကားတစီး ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။
“ဒေါက်တာ သန်းမင်းထွဋ်ကို နေ့လယ် ၂ နာရီခန့် အစည်းဝေးကနေ ဆေးရုံသို့အပြန် ပုသိမ်ဆေးရုံရှေ့လမ်းပေါ်မှာ ရဲမှူး ကိုယ်တိုင် Townace အဖြူပေါ် အဓမ္မ ဆွဲတင်ခေါ်သွားတယ်လို့ သိရပါတယ်။ ပြီးတော့ ရဲမှူး တင်နိုင်က ၅၀၅ (ဃ) နဲ့ တရားစွဲထားပါတယ်” ဟု ဒေါက်တာ သန်းမင်းထွဋ်၏ မိသားစုဝင်တဦးက ပြောသည်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာ သိမ်းယူပြီးသည့် နောက်ပိုင်း ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ ပုသိမ်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများမှာ CDM ပြုလုပ်ကာ ဆေးရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၏ အကြီးဆုံးဖြစ်သော ပုသိမ်ဆေးရုံကို ပြန်ဖွင့်ရန်နှင့် CDM ပြုလုပ်ခြင်း ရပ်ဆိုင်း၍ လုပ်ငန်းခွင်ပြန်ဝင် ရန် စစ်ကာင်စီက အမျိုးမျိုး ဖိအားပေးခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ငြင်းဆိုခဲ့သဖြင့် ၎င်း အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ သန်းမင်းထွဋ်နှင့် နီးစပ်သူများက ပြောသည်။
ဒေါက်တာ သန်းမင်းထွဋ်ကို အမှုဖွင့်ထားသည့် ပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ဃ)သည် ယခင်က မရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်ကာ ထပ်မံဖြည့်စွက်သည့် ပုဒ်မများထဲမှ ပုဒ်မခွဲတခု ဖြစ်ကြောင်း သိရသည်။
“ပုဒ်မ ၅၀၅ (ဃ) အရင်က မရှိဘူး။ အာဏာသိမ်းပြီးကာမှ အသစ် ဖြည့်စွက်ထားတာ။ အဓိကက နိုင်ငံ့ ဝန်ထမ်းကို ဖြစ်စေ၊ တပ်မတော်သားတွေကို ဖြစ်စေ ပုန်ကန်အောင်၊ တာဝန်ပျက်ကွက်အောင် လှုံ့ဆော်တာ သွေးထိုးတာ၊ သတင်း မှားဖြန့်တာဆိုရင် ဒီဥပဒေနဲ့ အရေးယူဖို့ပေါ့။ အမှန်ကတော့ ပြည်သူကို ဖိနှိပ်ဖို့ ဖြည့်စွက်တဲ့ ပုဒ်မတွေပါပဲ” ဟု ပုသိမ် မြို့ မှ အထက်တန်းရှေ့နေတဦးက ပြောသည်။
ဒေါက်တာ သန်းမင်းထွဋ် ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၂ ရက်ညက ပုသိမ်မြို့ခံများက ပြန်လွှတ်ပေးရန် ရပ်ကွက်အလိုက် လမ်းအလိုက် အာဏာဖီဆန်ရေး ညသပိတ်များ ပြုလုပ်ခဲ့သဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော်အထိ ပုသိမ်မြို့အနှံ့လှည့်ပြီး အသံဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်း မြို့ခံများထံက သိရသည်။
You may also like these stories:
NLD ထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံဖမ်းဆီးမှုများ ရှိလာ
ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် လှိုင်နှင့် သာကေတ တို့တွင် သေဆုံး၊ ဒဏ်ရာ ရသူများရှိ