သတင်း

စစ်တပ်မပါဘဲ မြန်မာအကျပ်အတည်း အဖြေမရှိဟု စင်ကာပူ ဝန်ကြီးဟောင်း ပြော

Facebook –

မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းတွင် စစ်တပ်သည် ကြီးမားသော အစိတ်အပိုင်းမှ ပါဝင်နေသော်လည်း တိုင်းပြည်ကို ထပ်မံ အစိတ်စိတ်အမွှာမွှာ မဖြစ်လိုလျှင် အကျပ်အတည်းဖြေရှင်းရာတွင် စစ်တပ်သည် အစိတ်အပိုင်းတခုဖြစ်ရမည်ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ယိုးက ပြောသည်။

မတ်လ ၁၀ ရက်နေ့က ကျင်းပသည့် Yale-NUS College ကောလိပ်၏ ပညာရှင် ဆွေးနွေးပွဲတခုတွင် ဂျော့ယိုးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေသည် ကြေကွဲစရာကောင်းပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နှစ်ပေါင်းများစွာအကြာတွင် အကြီးအကျယ် ခေတ်နောက်ပြန်ဆွဲသွားသည်မှာ ထင်ရှားလှသော်လည်း သူသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လုံးလုံးလျားလျား အဆိုးမြင်သူမဟုတ်ကြောင်း ဂျော့ယိုးပြောသည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းမှု လိုအပ်ကြောင်း အကြောင်းပြပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပသောရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် န်ိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီဝင်များကိုလည်း ဖမ်းဆီးခဲ့သည်။

စစ်တပ်နှင့် ရဲများက နိုင်ငံတဝန်း ဆန္ဒပြပွဲများကို ပြင်းထန်သော အင်အားသုံးကာ ဖြိုခွဲနေသောကြောင့် အနည်းဆုံး လူ ၉၀ ကျော်သေဆုံးပြီး ထောင်နှင်ချီ အဖမ်းခံနေရသည်။ ယခုအပတ်အတွင်း ဒုတိယမြောက် NLD ခေါင်းဆောင်တဦး ဖမ်းဆီးနှိပ်စက်ခံရစဉ် သေဆုံးသွားခဲ့သည်။

ထိုသို့ ဝမ်းနည်းဖွယ် အခြေအနေများကြောင့် မြန်မာပြည်သူများကြား စိတ်ခံစားမှုများ မြင့်တက်နေသောကာလတွင် ဂျော့ယိုးက မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် အပေးအယူ ညှိနှိုင်းရာတွင် စစ်တပ်လည်း ပါဝင်ရမည်ဖြစ်ပြီး စစ်တပ်ကို အနောက်နိုင်ငံများက အီရတ်နှင့်လစ်ဗျားတွင် လုပ်သကဲ့သို့ မဖျက်သိမ်းရန် ပြောခဲ့သည်။

ဂျော့ယိုးသည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူခဲ့သည်။

ဥပမာအားဖြင့် ၂၀၀၃ တွင် အီရတ်ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်မှုအပြီး ယခင်အာဏာရှင် ဆဒမ်ဟူစိန်၏ စစ်တပ်အား ဖျက်သိမ်းလိုက်ခြင်းကို သူထောက်ပြသည်။ ထိုကျူးကျော်သိမ်းပိုက်မှုအလွန် ဘဂ္ဂဒက်၏ စစ်တပ်သည် ၎င်းတို့၏ အကောင်းဆုံး တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များကို ဆုံးရှုံးကာ အချင်းချင်း စစ်တိုက်နေသည့် အုပ်စုငယ်များက ထိုနေရာကို ဝင်ယူပြီး နောက်ဆုံးတွင် အီရတ်နှင့် ဆီးရီးယားမှ အစ္စလမ်မစ်နိုင်ငံ အကြမ်းဖက်အုပ်စု (ISIS) က ဝင်ရောက်နေရာယူလိုက်ကြောင်း သူပြောသည်။

အလားတူစွာပင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တိုင်းရင်းသား လူမျိုးစုများက ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်များရှိကာ စစ်ကို စတင် တိုက်ခိုက်နိုင်သော စွမ်းရည်ရှိသည်ဟုလည်း သူက ဆိုသည်။

အကယ်၍ ပြည်တွင်းစစ်သာ နိုင်ငံအနှံ့အပြားတွင် အကြီးအကျယ် ပြန်ဖြစ်ပါက ယင်း၏အကျိုးဆက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာ မဟုတ်တော့ဘဲ ဒေသတွင်းသို့ပါ ရိုက်ခတ်လာမည်ကို ဂျော့ယိုးကဲ့သို့ ဒေသတွင်းရှိ စောင့်ကြည့်ဝေဖန်သူ အများအပြား၏ စိုးရိမ်မှုက မြင့်တက်လာနေသည်။

ထို့ကြောင့် စစ်တပ်နှင့် အဖြေရှာရန် ဂျော့ယိုးပြောသည်။ “ဘယ်လောက်ပဲ မနှစ်မြို့စရာကောင်းနေနေ၊ ဘယ်လောက်ပဲခက်ခဲနေနေ၊ အပေးအယူလုပ်ပြီး အာဏာချိန်ခွင်လျှာ ညှိဖို့လိုတယ်” ဟု သူပြောသည်။

လတ်တလော တုံ့ပြန်မှုများသည် စိတ်ခံစားချက်ကို အခြေခံသော တုံ့ပြန်ချက်များဖြစ်ပြီး စစ်တပ်ကို ဖယ်ရှားလိုက်ပါက နောက် ၅ နှစ်၊ ၁၀ နှစ် ကြာလျှင် မည်ကဲ့သို့ ဖြစ်လာမည်မှာ မေးခွန်းတခုဖြစ်နေကြောင်း သူပြောသည်။

” မြန်မာဟာ လစ်ဗျား သို့မဟုတ် အီရတ်ဖြစ်သွားနိုင်တဲ့ အလားအလာ တော်တော်လေးရှိနေပြီး မြန်မာန်ိုင်ငံထဲက သွေးကွဲမှုတွေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့အပါအဝင် အိမ်နီးချင်းန်ိုင်ငံအားလုံးကို ပြဿနာထဲမှာ ပါကုန်မယ်။ ကျနော်တို့တွေ နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခရောက်လိမ့်မယ်” ဟု သူပြောသည်။

မြန်မာပြည်တွင်း၌မူ စစ်တပ်နှင့် ရဲများ၏ လမ်းမများပေါ်မှ သတ်ဖြတ်မှုနှင့် ရက်စက်မှုများက ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တောင်းဆိုသလို မရပ်ဆိုင်းသွားသေးဘဲ ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များနှင့် အကျဉ်းသားများ ပြန်လွတ်လာမည့် အရိပ်အရောင်လည်း မတွေ့ရသေးပေ။

တပြိုင်နက်တည်းတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ ရွေးကောက်ခံ ကိုယ်စားလှယ်များ ကိုယ်စားဖွဲ့ထားသည့် စင်ပြိုင်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးညှိနှိုင်းနေသလို ကုလသမဂ္ဂတွင်လည်း အာဏာသိမ်း စစ်တပ်အပေါ် ကြားဝင်စွက်ဖက်ရေး တောင်းဆိုနေကြသည်။

နေပြည်တော်၏ နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် ၂ ဘက် စေ့စပ်ညှိနှိုင်းရေး တောင်းဆိုချက်များကို ပယ်ချလိုက်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်လုပ်မည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသွားသည်။

စစ်ကောင်စီ၏ ကြေညာချက်ကို လက်ခံသလိုမျိုး ဂျော့ယိုးက ပြောဆိုသည်။ ယခုလက်ရှိအခြေအနေသည် အမြဲတမ်းအတွက် မဟုတ်ကြောင်း သူပြောသည်။ စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေ ၁ နှစ်ကြေညာထားကြောင်းနှင့် အရေးပေါ်ကာလပြီးဆုံးသောအခါ လွတ်လပ်တရားမျှတသော အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သူပြောသည်။

သို့သော် မြန်မာပြည်ရှိ ဆန္ဒပြသူများက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံရန် ပြောသည်။

သို့ရာတွင် ဂျော့ယိုးက အရှေ့တောင်အာရှနိုင်ငံများအသင်းသည် ယခင်ကအတိုင်း မြန်မာနိုင်ငံကို မရှုတ်ချဘဲ ဖိအားပေးရမည်၊ စစ်ကောင်စီ၏ ဒီမိုကရေစီလမ်းပြမြေပုံကို အချိန်ကာလအလိုက် မှတ်သားထားရမည်ဖြစ်ကြောင်း ပြောသည်။

“ဒါဟာ အရှေ့တောင်အာရှနိုင်ငံများအသင်းက ပါဝင်ရမယ့် အခန်းကဏ္ဍဖြစ်တယ်။ စစ်ကောင်စီကို အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဖိအားပေးရမယ်။ တနှစ်ဆိုတဲ့အစီအစဉ်ကို သူတို့လိုက်နာစေပြီး မြန်မာနိုင်ငံကို အရင်အခြေအနေအတိုင်းဖြစ်အောင် ဘယ်လိုလုပ်မလဲလို့ မေးရမယ်” ဟု သူပြောသည်။

” ရွေးကောက်ပွဲစနစ်ကို ခင်များတို့ပြင်ချင်တယ်ဆိုရင် ဘယ်လိုပြင်ချင်လဲဆိုတာ ကျနော်တို့ကိုပြော။ ပြင်ပြီးသွားရင်တော့ ၎င်းတို့ပေးထားတဲ့ကတိအတိုင်း စနစ်တကျ လုပ်မလုပ်သေချာအောင် အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ စောင့်ကြည်လေ့လာသူတွေ ရှိရမယ်လို့ သူတို့ကိုပြောရမယ်” ဟုလည်း သူဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချရန်ပျက်ကွက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်န်ိုင်ငံများက မကြာမီ နှစ်များအတွင်း ဆန့်ကျင်ခဲ့ကြောင်း သူပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို သဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ကို ခုခံကာကွယ်ခဲ့ကြောင်းလည်း သူပြောသည်။

သို့သော် မြန်မာပြည်သူအများစုက ရိုဟင်ဂျာများကို သီးခြားလူမျိုးစုတခုအဖြစ် အသိအမှတ်မပြုသောကြောင့် လတ်တလော ခေါင်းဆောင်အပြောင်းအလဲသည် ရိုဟင်ဂျာကိစ္စအတွက် အထောက်အကူပြု မပြုကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သူပြောသည်။

“ရိုဟင်ဂျာတွေကို မြန်မာတွေက ကိုလိုစနစ်ရဲ့ ဆိုးမွေလို့ သူတို့ကထင်ကြတယ်။ ဗြိတိသျှ မဟာရာဂျာပြည်နယ်တွေရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တုန်းက ထိပ်တန်းရာထူးအားလုံးကို အိန္ဒိယနိုင်ငံသားတွေ ယူထားတုန်းကပေါ့။ သမိုင်းရဲ့အမွေပေါ့ “ဟုလည်း သူပြောသည်။

မြန်မာ စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ ဒုက္ခသည်များအား ပြန်လည်လက်ခံမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားကတ် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများနိုင်ငံနှင့် ကုလသမဂ္ဂတို့အား စည်းရုံးသိမ်းသွင်းရန် စစ်ကောင်စီက အစ္စရေး-ကနေဒါ လော်ဘီသမားတဦးကို အမေရိကန် ဒေါ်လာ ၂ သန်း ပေးကာ ငှားရမ်းခဲ့သည်။

Yale-NUS ကောလိပ်မှ နိုင်ငံရေး သိပ္ပံပညာရှင်း ချင်းဟောင်ဟွန်က စီစဉ်သူအဖြစ်ဆောင်ရွက်သည့် ထိုဆွေးနွေးပွဲတွင် ဂျော့ယိုးက အမေရိကန်-တရုတ် အားပြိုင်မှု၊ အမျိုးသာရေး ဝါဒ ခေါင်းထောင်ထလာခြင်းနှင့် စင်္ကာပူနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု တို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

တင်းမာမှု မြင့်မားနေသော်လည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို သူအလေးထားပြောသည်။

“ရုယာဒ် ကစ်ပလင်းကပြောတယ်။ အရှေက အရှေ့ အနောက်က အနောက်ပဲ၊ ဆန့်ကျင်ဖက် နှစ်ခု ဘယ်တော့မှ မဆုံစည်းဘူးတဲ့။ ဒါပေမယ့် အဲဒီဆန့်ကျင်ဖက်နှစ်ခု ဆုံစည်းရမယ်” ဟု သူပြောသည်။

ကိုးကား။ ။ The Straits Times

You may also like these stories:

မြန်မာစစ်အာဏာသိမ်းမှု သို့မဟုတ် အမှောင်ခေတ်သို့ ပြန်သွားခြင်း

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

တရုတ်အဆိုပြုချက် လက်ခံသင့် မသင့်

စစ်အာဏာသိမ်းအပြီး ဂျပန်-မြန်မာ ဆက်ဆံရေး ဘာလဲ ဘယ်လဲ

Loading