သတင်း

တပ်နှင့် ရဲ ပစ်ခတ်မှုကြောင့် ယနေ့ သေဆုံးသူ အနည်းဆုံး ၁၀ဦးရှိ

ယနေ့ နိုင်ငံတဝှမ်း ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ တနေ့တည်းတွင် ၁၀ ဦးကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

ယနေ့ (မတ်လ ၁၄ ရက်) နေ့လယ် ၁၂ နာရီခွဲလောက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၁ ထိပ်၊ ၃ ထိပ်၊ ၅ ထိပ်ရှိ သပိတ်စခန်းများကို ရဲနှင့်စစ်တပ်က အင်အားအလုံးအရင်းဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ညနေ ၆ နာရီခန့်အထိ ၄ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။

၇ ဦးနှင့်အထက် သေဆုံးသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအခါ စစ်တပ်နှင့် ရဲက လိုက်လံပစ်ခတ် နေဆဲဖြစ်သည့်အတွက် တနေရာနှင့် တနေရာ ကူးသန်းနိုင်ခြင်းမရှိဘဲ အခြေအနေမှာ ရှုတ်ထွေးနေသဖြင့် အတည်ပြုရန် ကြိုးစားဆဲဖြစ်သည်။

လှိုင်သာယာဘက်ခြမ်းရှိ သပိတ်စခန်းမှ အတားအဆီးများ မီးလောင်နေစဉ်(ဓာတ်ပုံ- CJ)

ညနေ ၆ နာရီကျော် သည့်အထိ စစ်တပ်နှင့်ရဲက အင်အားထပ်ဖြည့်မှုများ ရှိနေသလို ပစ်ခတ်မှုများ၊ သပိတ်စခန်းများကို မီးရှို့မှုများ ပြုလုပ်နေကြောင်း၊ ဆန္ဒပြသူများကလည်း ရသလောက်အင်အားစုကာ ပြန်ထွက်နေကြပြီး ယခုအထိ နှစ်ဘက် အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသူတဦးက ပြောသည်။

ထို့ပြင် စစ်ကားအစီး ၂၀ ခန့်က အောင်ဇေယျ ကြိုးတံတားအဆင်း ၁ ထိပ်နှင့် ၃ ထိပ်ကြား တပ်စွဲထားပြီး နောက်ထပ် စစ် ကား အစီး ၂၀ ခန့်က ဘီအိုစီနှင့် သမကုန်းကြား တပ်စွဲထားသောကြောင့် ညပိုင်း၌ ရပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီး ရန် ကြိုးစားလာနိုင်ကြောင်း၊ ထိုသို့ ဖမ်းဆီးပါက ပိုမိုရှုတ်ထွေးလာနိုင်ကြောင်း ဒေသခံများက ပြောသည်။
လှိုင်သာယာမြို့နယ် သပိတ်စခန်းများ ပစ်ခတ်ခံရခြင်းကြောင့် ကပ်လျှက်ရှိသည့် ရွှေပြည်သာမြို့နယ်မှ ဆန္ဒပြသူများက လည်း လမ်းပေါ်ထွက်လာသဖြင့် စစ်တပ်က ပစ်ခတ်ရာ ၂ ဦးသေကာ ၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

လှိုင်သာယာ ပစ်ခတ်မှုတွင် ဒဏ်ရာရသူကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ- CJ)

ထို့အပြင် တာမွေမြို့နယ်တွင်လည်း ဆန္ဒပြသူ လူငယ်တဦးကို တပ်နှင့် ရဲက ပစ်ခတ်၍ သေဆုံးသည့်အပြင် လက်ရှိ ရန်ကုန်မြို့ အနေမှာ သပိတ်စခန်းများနှင့် လမ်းပေါ်ရှိအတားအဆီးများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ကောင်းကင် တွင် မီးခိုးလုံးများနှင့် ပြည့်နေကာ စစ်မြေပြင်ကဲ့သို့ ရှိနေသည်။

ယနေ့တွင် ရန်ကုန်တိုင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တာမွေမြို့နယ်များမှ ဆန္ဒပြသူများ ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသည် သာမက မန္တလေးတွင် အမျိုးသမီး ၁ ဦး၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၁ ဦး၊ ပဲခူးမြို့တွင် ၂ ဦး၊ သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူ အများအပြား ရှိကြောင်း၊ ယမန်နေ့က ဆန္ဒပြမှုများကို ပစ်ခတ်ဖြိုခွင်းမှုတွင် ကျည်ထိမှန်သည့် မကွေးတိုင်း ချောက်မြို့နယ်မှ ၁ ဦးနှင့် ပဲခူးတ်ိုုင်း ပြည်မြို့မှ ဦးခေါင်းကို ပစ်ခတ်ခံရသူ မောင်ဖြိုးဝေယံကျော်တို့မှာ ယနေ့ သေဆုံးသွား ခဲ့ပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၁၃ ရက်နေ့ အချိန်အထိ ၁၈၁၅ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ထားခြင်း ခံရပြီး အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခြင်း ခံရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး ၈၀ကျော် ရှိခဲ့ပြီ ဖြစ်ရာ ယနေ့ဆိုလျှင် ၉၀ ကျော်ခဲ့ပြီဖြစ်သည်။

You may also like these stories:

ကြယ်စင်ကြွေသွားသည့်တိုင်

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

Loading