ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် စစ်တပ်နှင့်ရဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ပစ်ခတ်ရာ ဆေတက္ကသိုလ် ပထမနှစ်ကျောင်းသား လူငယ် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိ ထားကြောင်း သိရသည်။
သေဆုံးသွားသူ ကိုခန့်ညားဟိန်းသည် ရန်ကုန်၊ ဆေးတက္ကသိုလ် (၁) ပထမနှစ် ကျောင်းသားဖြစ်ပြီး ရင်ဘတ် ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားဖော်ပြထားသည်။
လိုက်ပါကူညီသည့် လူမှုအဖွဲ့အစည်းမှ အဖွဲ့တဦးက “တယောက်ဆုံးသွားပြီ။ ဆေးကျောင်းသား ဆေးရုံတောင် မရောက်လိုက်ဘူး ဆုံးသွားတာ။ ကျန်တဲ့ ၂ ယောက်က တယောက် မျက်လုံးထိတယ်၊ တယောက်က လက်ထိ တယ်ပြောတယ်” ဟု ပြောသည်။
စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိသည့် အဆိုပါ ဆေးကျောင်းသားကို တာမွေမြို့နယ် ရဲစခန်း (စခန်း ၄၀) အတွင်းသို့ ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြီး ဒဏ်ရာရလူနာကို သွားကောက်သည့် မိန်းကလေး ငယ် ၁ ဦးကိုလည်း ရိုက်နှက် ဖမ်းဆီးမှုများ ရှိခဲ့သည်။
တာမွေမြို့နယ်မှ လူမှုရေးအသင်းအဖွဲ့များက လူနာသွားရောက်တောင်းခံပြီး ဆေးရုံကို ပို့ပေးခဲ့သော်လည်း လမ်း ၌ပင် ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရာဘာကျည် ထိမှန်ထားသူများ၊ ပေါက်ပြဲဒဏ်ရာ ရရှိသူများ အပါအဝင် ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်းလည်း သိ ရသည်။
“အဓိက ဖြစ်တာတော့ အပေါ်ယံရှပ်ထိတာ ကျောကုန်းတို့၊ ပေါင်တို့၊ တင်ပါးဆုံတို့ အဲဒီနေရာမျိုးတွေ ဖြစ်တာပါ” ဟု သွားရောက် ကူညီပြုစုကုသနေသူ တဦးက ပြောသည်။
ရဲစခန်းအနီး ရောက်ရှိလာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် လူငယ်များကို ရဲစခန်းအတွင်းမှ လှမ်းပစ်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ တဦးက ပြောပြသည်။
၎င်းက “သတိပဌာန်ကနေ မလွှကုန်းဘက်ကို တက်လာတာ။ ကျည်အစစ်တွေနဲ့ ပစ်တာ ကျနော်တောင် မလွှ ကုန်းလမ်းထဲ ဝင်ပြေးလိုက်ရတယ်။ ရဲစခန်းထဲကနေ လှမ်းပစ်နေတာ လူတွေကိုတော့ လုံးဝမမြင်ရဘူး” ဟု ဆို သည်။
ယနေ့ ရန်ကုန်တိုင်းတွင် တာမွေမြို့နယ် အပါအဝင် လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြို့နယ် အတော်များများတွင် စစ်တပ်နှင့် ရဲ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။
You may also like these stories:
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ