ယနေ့ နံနက်ပိုင်းမှ စတင်ကာ တနိုင်ငံလုံးတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ပုံမှန် Video Conferencing စနစ်ဖြင့် စစ်ဆေးလျက် ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းမှာ ယနေ့ နေပြည် တော်တွင် စစ်ဆေးခွင့် မရခဲ့ကြောင်း သတင်း ရရှိသည်။
“ဒီနေ့ကတော့ Video Conferencing မလုပ်ဖြစ်ပါဘူး။ အင်တာနက် မရလို့ပါ။ အင်တာနက် မရတဲ့အတွက် Video Confer encing မလုပ်ဖြစ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးက အပြန်တွင် သတင်းထောက် များကို ပြောသည်။
အမှု ၄ မှုဖြင့် စွပ်စွဲခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းရင်ဆိုင်နေရသည့် အမှုများအတွက် ရှေ့နေ ငှားရမ်းခွင့် ရရှိမှသာ အမှုကို ဆက်လက် စစ်ဆေးရန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ် တရားရုံးက ပြီးခဲ့သည့် ရုံးချိန်းက ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှု ၂ မှု ထပ်တိုးဖွင့်လှစ်ခဲ့သည်။
ယင်းပုဒ်မ ၂ ခု မတိုင်မီ ပြီးခဲ့သည့် ရုံးချိန်းများကလည်း သဘာဝ ဘေး စီမံခန့်ခွဲမှု ခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဖြစ်သဖြင့် စုစုပေါင်း အမှု ၄ မှုနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ယနေ့ အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖြစ် လိုက်ပါခွင့် ရရှိရန် ကြိုးစားနေရဆဲ ဖြစ်ရာ ယနေ့ ရုံးချိန်း တွင် ရှေ့နေ ဦးခင်မောင်ဇော်၏ အဖွဲ့ ထဲမှ လူငယ်ရှေ့နေများ ဖြစ်သည့် ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုးတို့ ၂ ဦးကိုသာ ရှေ့နေ ပါဝါ ရရှိရန် ဆောင်ရွက်ပေးမည်ဟု ရဲက ပြောဆိုခဲ့သည်။
“ကျနော် ဦးဆောင်တဲ့အထဲက လူငယ် ရှေ့နေ ၂ ယောက်ကိုပဲ စီစဉ်ပေးမယ်လို့ ရဲက ပြောတယ်။ ကျနော်တို့ကတော့ လက် မခံပါဘူး။ လတ်တလောမှာတော့ ဒီ ၂ ယောက်ကိုပဲ ပါဝါတင်ထားပါတယ်။ ရှေ့နေပါဝါကို ရှေ့ အချိန်းမှာ ရအောင် လုပ်မှာ ပါ။ ရုံးချိန်းကတော့ မတ်လ ၂၄ ရက်နေ့မှာ ချိန်းပါတယ်”ဟု ဦးခင်မောင်ဇော်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၎င်း၏ ရှေ့နေ ၂ ဦးဖြစ်သူ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းတို့ကို တွေ့ ချင်ကြောင်း ပြီးခဲ့ သည့် ရုံးချိန်းတွင် ပြောဆိုခဲ့သလို NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ကလည်း ၎င်းတို့ ၂ ဦးကို ထောက်ခံပေးထားပြီး ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။
“တကမ္ဘာလုံး အသိအမှတ်ပြုပြီးတော့ ကျနော်တို့နိုင်ငံကလည်း လက်မှတ်ထိုးထားတဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေ ညာစာတမ်းမှာ အတိအလင်း ပြောထားတဲ့ လူတယောက် စွပ်စွဲခံရရင် သူဟာ သူ့ရဲ့ ဥပဒေပါ အခွင့်အရေးတွေ ရဖို့အတွက် အခွင့်အရေး ရှိကိုရှိတယ်ဆိုတဲ့ တရားမျှတမှုဆိုင်ရာ အခွင့်အရေးတွေ ရုတ်သိမ်းခံနေရတယ်လို့ပဲ ပြောချင်တယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်း စစ်ခွင့်မရသည့် နည်းတူ သမ္မတ ဦးဝင်းမြင့်၏ ရုံးချိန်းလည်း စစ်ဆေးမှု မပြုလုပ်ခဲ့ရပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို ပြည်ထောင်စု လွှတ်တော် ခေါ်ယူခွင့် မပေးတော့ဘဲ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိနိုင်သည်ဟုဆိုကာ လက်ရှိ အစိုးရထံမှ နိုင်ငံတော် အာဏာကို တပ်မတော်က ရယူထားသည်။
ယာယီသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တာဝန်ပေးထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ထားသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြသူများကိုလည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုများကို တနိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိရာ အနည်းဆုံး လူ ၁၀၀ ခန့် သေဆုံးခဲ့ရပြီ ဖြစ်သည်။
You may also like these stories:
တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သံရုံးတောင်းဆို
ဆေးတက္ကသိုလ် ကျောင်းသား ၁ဦး သေဆုံးခဲ့ရသည့် တာမွေပစ်ခတ်မှု
မြန်မာရှိ စက်ရုံနှစ်ရုံ မီးရှို့ခံရကြောင်း တရုတ်သတင်းထုတ်ပြန်