ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေးကြေငြာထားသည့် မြို့နယ်များတွင် ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးက အကျဉ်းရုံး စစ်ဆေးပြီး သေဒဏ်ထိ မြင့်သည့် ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ယနေ့ ည ၈ နာရီတွင် သတင်း ထုတ်ပြန် လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် မြို့နယ်များမှာ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံ မြို့သစ် (တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့ ဖြစ်သည်။
အဆိုပါမြို့နယ်များတွင် ပြစ်မှုအမျိုးအစား ၂၃ မျိုးကို ကျူးလွန်ပါက စစ်ခုံရုံးတင်၍ အကျဉ်းရုံးစစ်ဆေးကာ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံး ပြစ်ဒဏ် များကို ချမှတ်ရမည်ဟု စစ်ကောင်စီ၏ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက တာဝန်ခံ ထုတ်ပြန်လိုက်သည့် အမိန့်ကြေငြာစာထဲတွင် ရေးသားထားသည်။
စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြစ်မှု ၂၃ မျိုးထဲတွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်မှု၊ တပ်မတော်သားများ သို့မဟုတ် အစိုးရ အမှုထမ်းများကို ဟန့်တား နှောင့်ယှက်ခြင်း၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၅၀၅ (က) ၊ မတရားအသင်းအက်ဥပဒေ ပြစ်မှုများ၊ လက်နက်အက်ဥပဒေပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု ၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ အများပိုင်ပစ္စည်းများ ဖျက်ဆီးမှုဆိုင်ရာ ပြစ်မှုများ ပါဝင်သည်။
ထို့ပြင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများလည်း ပါဝင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သေဒဏ်နှင့် အခြားပြစ်ဒဏ်များ ချမှတ်ခံရသူများအနေဖြင့် ပြစ်မှုပြင်ဆင်လျှောက်ထားလိုပါက စစ်ကောင်စီ၏ ဥက္ကဌ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လျှောက်ထားနိုင်ပြီး ထို ၂ဦးကသာ ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ လုပ်ပိုင်ခွင့်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
You may also like these stories:
လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ