မြန်မာပြည်တဝန်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများအား စစ်တပ်နှင့် ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၈၃ ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ကြေညာသည်။ တနင်္လာနေ့တွင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ၇၄ ဦး သေဆုံးသော တနင်္ဂနွေနေ့က လူသေဆုံးမှု အများဆုံး ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ လှိုင်သာယာ၊ ရွှေပြည်သာ ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအား စစ်အုပ်ချုပ်ရေး ကြေညာကြောင်း မတ်လ ၁၄ ရက်နှင့် ၁၅ ရက်များ၌ စစ်ကောင်စီ အာဘော် သတင်းဌာနများမှ ကြေငြာခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က မြန်မာစစ်တပ်၏ လက်ချက်ဖြင့် အကြမ်းဖက်မှုများ မြင့်တက်လာနေခြင်းကို အလွန်တုန်လှုပ်မိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“စစ်တပ်၏ ဖိနှိပ်မှုများ ရပ်ဆိုင်းသွားစေရန် ၂ နိုင်ငံကြားဖြစ်စေ၊ စုပေါင်းပြီး ဖြစ်စေ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းကူညီကြရန် အထွေထွေအတွင်းရေးမှူးက တိုက်တွန်းပါသည်”ဟု ထုတ်ပြန်ကြေညာချက်တွင် ရေးထားသည်။ “အခြေအနေများအား အေးဆေးငြိမ်သက်လာစေရန်၊ ၂ ဘက် ဆွေးနွေးညှိနှိုင်းရန်နှင့် ဒီမိုကရေစီ ထူထောင်ရန်” သူ၏ အထူးသံတမန်ကို မြန်မာပြည်သို့ လာရောက်ခွင့်ပြုရန်ကိုလည်း တိုက်တွန်းခဲ့သည်။
မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် စစ်သားနှင့် ရဲများ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၅၀ကျော် သေဆုံးကာ ၃၀၀ ခန့် ဒဏ်ရာရပြီးနောက် ယင်းနေ့ညပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေငြာခဲ့သောကြောင့် လှိုင်သာယာရှိ ရွေ့ပြောင်းလုပ်သား အများပြား နေရပ်ပြန်လာနေသည်။
ဂျပန် အဝတ်အထည်လုပ်ငန်း Uniqlo ၏ မူရင်းကုမ္ပဏီ Fast Retailing က ၎င်း၏ ထောက်ပံ့ရေးစက်ရုံများ ထုတ်လုပ်ရေး တနင်္လာနေ့တွင် နှောင့်နှေးကြရကြောင်း ထုတ်ပြန်ခဲ့သည်။ Fast Retailing ၏ မြန်မာပြည်ရှိ ထောက်ပံ့ရေးစက်ရုံ ၆ ရုံတွင် ၅ ရုံမှာ ရန်ကုန်တွင် ဖြစ်သည်။
တနင်္ဂနွေနေ့က အထည်ချုပ်လုပ်ငန်းများ အဓိက အခြေပြုရာ လှိုင်သာယာမြို့နယ် သပိတ်ကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းချိန်တွင် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်ပိုင် ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံနှင့် ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံတို့ မီးလောင်ကျွမ်းခဲ့သည်။
မြန်မာနိုင်ငံ၏ ရတနာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံသူ ပြင်သစ်စွမ်းအင်လုပ်ငန်း တိုတဲလ် Total ကလည်း မြန်မာပြည်တွင် ဖြစ်ပျက်နေမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
မည်သည့်နေရာတွင်မဆို အခြေခံအခွင့်အရေးများ ချိုးဖောက်နေမှုအပေါ် တိုတဲလ်အနေဖြင့် ရှုတ်ချကြောင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ တရားဝင် တွစ်တာ စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရတနာ သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရန်ကုန်မြို့တော်၏ လျှပ်စစ်မီး ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ထားသည်။
You may also like these stories:
စစ်အုပ်ချုပ်ရေး မြို့နယ်များတွင် တရားရေး စီရင်နိုင်သည့် အချက်များ ထုတ်ပြန်
တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သံရုံးတောင်းဆို
အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း စစ်ခွင့်မရ