ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံ၂၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု သတင်း ရရှိသည်။
အင်ဂျန်းယန်မြို့နယ်၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ဂျာဆိုင်းခေါန်က “မနေ့က ကျမ ဒေသခံတွေ ဆီ ဖုန်းဆက်တော့ သေနတ်သံတွေ ကြားနေရတယ်။ ဂွေထော်က ရွာသားတွေလည်း ဘာဖြစ်မယ်မှန်းမသိတော့ အထက် ရွာဘက်ကို ရွှေ့ကြတယ်။ ဒီမနက်လည်း သူတို့ အဲဒီဘက်မှာပဲ ရှိနေတယ်။ တန်ဘောင်ယန်က လူတွေလည်း မြစ်ဆုံဘက် ကို ဆင်းလာကြတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ဘေးအန္တရာယ် မကျရောက်စေရန် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ ဦးရေ၂၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ဂွေထော်ကျေးရွာမှ အိမ်ခြေ၂၄ စု၊ လူဦးရေ ၁၀၀ ကျော်၊ တန်ဘောင်ယန်ကျေးရွာ၏ အိမ်ခြေ ၃၀ ခန့်မှ လူဦးရေ ၁၀၀ ကျော်တို့ ဖြစ်သည်ဟု ဒေါ်ဂျာဆိုင်းခေါန်က ဆိုသည်။
ဒေါ်ဂျာဆိုင်းခေါန်က “အခြား အထက်ရွာတွေလည်း ရှောင်ကြတာတွေ ရှိတယ်။ အခုက နည်းနည်း ပြန်ငြိမ်နေတော့ အခြေ အနေကို ပြန်စောင့်ကြည့်နေပုံလည်း ရတယ်။ ကျမလည်း ဘာတွေလိုအပ်လဲ၊ ဘာတွေ ကူညီရမလဲလို့တော့ မေးထား တယ်” ဟု ပြောသည်။
အင်ဂျန်းယန်မြို့နယ်တွင် မတ် ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်မှ စ၍ ပစ်ခတ်သံများ ကြားရခြင်း ဖြစ်သည်ဟု ဒေသခံများ ထံက သိရသည်။
အင်ဂျန်းယန်မြို့နယ်သည် မြစ်ကြီးနားမြို့နယ်၏ တဖက်ကမ်းတွင် တည်ရှိပြီး ထိုမြို့နယ် နှစ်ခုကြားတွင် မလိခမြစ်က ပိုင်း ခြားထားသည်။
အင်ဂျန်းယန်မြို့နယ်တွင် KIA ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်းများ အခြေစိုက် လှုပ်ရှားပြီး စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များလည်း လှုပ်ရှားသည်။
မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာရှိ ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး စတီဖင်ဆွတ်အောန်က “ဟိုဘက်ကနေ ပြေးလာပြီး ကျနော်တို့ ကတ်သလစ် ဘုရားကျောင်းမှာ ရောက်လာသူ ၁၀၉ ဦး ရှိပါတယ်။ သူတို့တွေက ပလန စစ်ရှောင် စခန်းကို ပြန်ကြမှာပါ။ အခု တန်ဖရဲဂိတ်မှာ အပေါ်က အခွင့်မရှိသေးလို့တဲ့ မဖြတ်ခိုင်းသေးလို့ စောင့်နေကြတာပါ” ဟု ပြော သည်။
ဘုန်းတော်ကြီး စတီဖင်ဆွတ်အောင်၏ ဘုရားကျောင်းသို့ ရောက်လာသည့် လူဦးရေ ၁၀၀ ကျော်သည်၂၀၁၈ ခုနှစ်က တည်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်သည်။
ထိုစစ်ဘေးရှောင် ဒုက္ခသည်များသည် စစ်ဘေးရှောင် စခန်းများတွင် စားဝတ်နေရေး ခက်ခဲသဖြင့် နေရပ်ရင်း အင်ဂျန်းယန် မြို့နယ်တွင်းသို့ ပြန်ကာ သီးပင်စားပင်များ စိုက်ပျိုးခြင်းများ ပြုလုပ်နေကြရာ ယခုအခါ တိုက်ပွဲများကြောင့် ပြန်လည်ထွက် ပြေးလာရခြင်း ဖြစ်သည်။
အင်ဂျန်းယန်မြို့နယ်တွင်း စစ်ရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ် မှူးကြီး နော်ဘူက “ကျနော်တို့က အခုထိ အောက်ခြေက တရားဝင် သတင်းတွေ မရသေးပါဘူး။ လိုင်းမှာတော့ ရတယ်။ တရားဝင်က တပ်ပိုင်းဆိုင်ရာ တပ်မှူးတွေကိုလည်း မေးကြည့်တာ ကြားတယ်လောက်ပဲ သူတို့က ပြောနေတာ။ ညနေ လောက်မှ သတင်း Confirm ရပါမယ်” ဟု ပြောသည်။
KIA နှင့် တပ်မတော်သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် စတင်ဆွေးနွေးသည့်၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခများ မဖြစ်ပွားစေရေးကို နှစ်ဖက် ညှိနှိုင်းကာ ထိန်းချုပ်ခဲ့ကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် KIA ကြား တိုက်ခိုက်မှုများ ရှိသော်လည်း ကချင်ပြည်နယ်တွင်၂ နှစ်ကျော် ကြာ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
တပ်မတော်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှ လူထုက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ရာ ကချင် ပြည်နယ်တွင်း ဆန္ဒပြလူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် KIA က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စကားပါးခဲ့ သည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်မှ ဆန္ဒပြလူထုကိစ္စတွင် KIA ပါဝင်ခြင်း မပြုရန်၊ စွက်ဖက်ပါက KIA ကို တိုက်ခိုက်မည် ဟု စကားပြန်သည့်အပြင် လူထုက ဆူပူလာလျှင်လည်း ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။
မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြနေသည့် လူထုကို စစ်တပ်နှင့် ရဲက ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား၂ ဦး သေဆုံး ခဲ့သည်။
မတ် ၁၁ ရက် မနက် ၃ နာရီကျော်တွင် KIA က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ စစ်တပ်၏ တပ်စခန်းတခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက် ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် KIA ကြား စစ်ရေးတင်းမာမှုများမှာ ဖားကန့်၊ တနိုင်းနှင့် အင်ဂျန်းယန်မြို့နယ်တို့ဆီသို့ ကူးစက်လာခြင်း ဖြစ်သည်။
တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် တဖက်တွင် နမ္မတီးမြို့၊ ဟိုပင်မြို့တို့မှ ကချင်လူငယ်များက စစ် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် KIA ကို ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်သည့်အပြင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) အနေဖြင့်လည်း စစ်အာဏာရှင်အား တိုက်ထုတ်ရန် ဖက်ဒရယ် တပ်မတော်တခု တည်ထောင်ပေးပါဟု တောင်းဆိုမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
You may also like these stories:
တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သံရုံးတောင်းဆို
ဖားကန့်မှ စစ်တပ်စခန်း KIA ဝင်တိုက်