မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် မနေ့က ညနေ ၄ နာရီခန့်က အသက် ၁၆ နှစ်အရွယ် မသီတာ အေးဆိုသူမှာ အိမ်ပေါ်တွင် သူငယ်ချင်းများနှင့် ထိုင်နေစဉ် သေနတ်ကျည် ၂ ချက် ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သိရ သည်။
ရွာထဲတွင် ပစ်ခတ်သံများ ကြားရသဖြင့် ၎င်း၏ သမီးဖြစ်သူမှာ နောက်ဘက် သူငယ်ချင်းအိမ်သို့ သွားရောက် နေထိုင်စဉ် ရွာအနီး ကိုက် ၁၀၀၀ ဝန်းကျင်ခန့် ကွာဝေးသည့် တောင်ကုန်းပေါ်မှာ စနိုက်ပါနှင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းကြိုင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်နေထိုင်တဲ့အိမ်ရဲ့ အနောက်ဘက်က အိမ်ပေါ်မှာ ကလေးတွေ ထိုင်နေတုန်းကို တောင်ပေါ်ကနေ စနိုက်ပါနဲ့ ၂ ချက် အပစ်ခံရတာ။ ၂ ချက်စလုံးကို မှန်လို့ သေရရှာတာ။ ကျနေ်ာက ကလေးကို သဂြိုလ်ပြီးလို့ သုသာန်ဝင်းထဲကနေ အခုပဲ ထွက်လာတာ”ဟု ဦးဝင်းကြိုင်က ယနေ့ ညနေပိုင်းတွင် ပြောသည်။
ယင်းကျည်ဆန်က အမျိုးသမီး ၂ ဦးကို ထိမှန်ခဲ့ရာ မသီတာအေးမှာ သေဆုံးခဲ့ပြီး ကျန်သည့် မသက်သက်ဆိုသူမှာလည်း နားထင်အပေါ်ကို ရှပ်မှန်သဖြင့် နားအူခြင်း၊ လက်ချောင်းများ ဖွာထွက်သွားသဖြင့် ယခုအခါ ရွှေဘိုဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
“သမီးလေးက မီးမီးလို့ ခေါ်တယ်။ သူ့နာမည်အရင်းက မသီတာအေး။ အသက်က ၁၆ နှစ်၊ ပညာ အရည်အချင်းက ၉ တန်း နဲ့ နားနေရတာပေါ့လေ။ ဒီကိုဗစ်ကြောင့်။ ၉ တန်းဖြေထားသူပါ”ဟု ဖခင် ဦးဝင်းကြိုင်က ပြောသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာသည် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့ ကြားတွင် တည်ရှိပြီး ယခု ဖြစ်စဉ် များ ပေါ်ပေါက်လာရခြင်းမှာ ပြီးခဲ့သည့် ရက်များက မိုးကုတ်၊ သပိတ်ကျင်းနှင့် မန္တလေးသို့ သွားသည့် လမ်းဆုံတွင် ဒီမိုက ရေစီရေး တောင်းဆိုကြသူများက နေ့စဉ် ဆန္ဒပြလေ့ ရှိသည်။
မနေ့က ဆန္ဒပြသူများကို ရဲက ဖမ်းဆီးလိုက်ပြီးနောက် ဒေသခံများက ပြန်လည် ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ ထိုစဉ် ရုန်ရင်းဆန်ခတ်များ ဖြစ်ပေါ်ပြီး ဆန္ဒပြသူများ ပြန်လည် လွတ်မြောက်လာသော်လည်း စစ်ကားပေါ်မှာ စစ်သားတချို့ က လမ်းပေါ်တွင် သွားလာနေသူများကို ပစ်ခတ်သဖြင့် အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ပစ်သွားတဲ့ အခါကျတော့ မိန်းကလေး တယောက် ထိသွားတယ်။ အဲဒီရွာတွေဆိုတာ ကျနော်တို့ရွာရဲ့ အထက်ပိုင်းမှာ ရှိ တာကိုး။ အဲဒီမှာ စစ်သား ၅ ယောက်က ပစ်သွားတယ်ဆိုပြီးတော့ ကျနော် တို့ရွာကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်တော့ ကျနော်တို့ ချောင်းကြီးက လူတွေက စစ်ကားကို ဝိုင်းဖမ်းတယ်။ ဖမ်းပြီးတော့ လူ ၂ ယောက်နဲ့ လက်နက် ၂ လက် ဖမ်း မိတယ်။ ၃ ယောက် က ထွက်ပြေးပြီးတော့ တောင်ပေါ်ကနေ စနိုက်ပါနဲ့ ပစ်တာပဲ”ဟု ဦးဝင်းကြိုင်က ပြောပြသည်။
ယင်းစစ်သားများ ပစ်ခတ်သဖြင့် ၎င်း၏ သမီး သေဆုံးရခြင်း ဖြစ်ကြောင်း ဦးဝင်းကြိုင်က ပြောပြပြီး သမီးဖြစ်သူကိုလည်း ရွာသို့ ပြန်မသယ်တော့ဘဲ တိုက်နယ်ဆေးရုံရှိသည့် စဉ့်ကူးမြို့နယ် ခြေထောက်ပေါက်ကျေးရွာတွင် သဂြိုလ်ခဲ့ရကြောင်း သိရသည်။
“ဆရာဝန်က ကျနော်တို့ ရောက်တဲ့အချိန်မှာ အသက်သေဆုံးကြောင်း အတည်ပြုပေးတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။
၎င်းက ဆက်၍ “ကျနော်ကလည်း မိသားစုနဲ့ တိုင်ပင်ပြီးတော့ ရွာကိုလည်း ပြန်သယ်လို့ မရတဲ့အတူတူ အဲဒီမှာပဲ သဂြိုလ် လိုက်ရတာပေါ့။ စဉ့်ကူးနယ်ထဲမှာပဲ။ သယ်မယ်ဆိုရင် အိမ်ကိုတော့ သယ်လို့ရတယ်။ သူတို့က Main တံတားကြီးပေါ်မှာ တပ်ဆွဲထားတဲ့အခါကျတော့ ကျနော်တို့က ဒီအလောင်းကို သချိုင်းကုန်းကို ပို့ပြီးတော့ သဂြိုလ်မယ်ဆိုရင် အလောင်းကို လုမှာကြောက်တာ”ဟု ပြောသည်။
မနေ့က ညပိုင်းက စဉ့်ကူးမြို့နယ် ခြေထောက်ပေါက် ကျေးရွာထဲသို့ စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောဆိုသော်လည်း သီးခြား အတည်မပြုနိုင်သေးပါ။
မြန်မာပြည်တဝန်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်နှင့် ရဲက ပစ်ခတ်သဖြင့် သေဆုံးသူ ၁၈၃ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ကြေညာထားသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုအပြီး သေဆုံးသူ ၁၈၀ ကျော်ပြီ