ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြဿဒ်ကျောင်းအတွင်းမှ ဖမ်းဆီးခံရသည့် ၃၂ ဦး ကို ယမန်နေ့က ရုံးထုတ်ပြီး ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲတင်ခဲ့ကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက်မှ သိရသည်။
Video Conference ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၃၂ ဦး (အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃၀ ဦး) ကို ရဲမှူး ကျော်လှိုင်မှ တရားလိုပြုလုပ်၍ မုံရွာမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးမှု အမှတ်-၄၁ ဖြင့် တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
လာမည့် ရုံးချိန်းကို မတ်လ ၂၅ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက် အဖွဲ့ဝင် တဦးက ပြော သည်။
တရားစွဲခံရသူ ၃၂ ဦးအနက် ၂၈ ဦးအတွက် မုံရွာခရိုင်ရှေ့နေများကွန်ရက်မှ ရှေ့နေကိုယ်စားလှယ်စာများ တင်သွင်းခဲ့ပြီး အသက် ၁၈ နှစ် မပြည့်သေးသူ ၁ ဦး ပါဝင်သည့်အတွက် ၎င်းကို သီးခြားအမှုဖွင့် ဆောင်ရွက်ထားကြောင်း၊ ဖမ်းဆီးခံရသူ အားလုံး ကျန်းမာရေးကောင်းမွန်စွာ ရှိသည်ကို မြင်တွေ့ခဲ့ရကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက်၏ လူမှုကွန်ရက်စာမျက် နှာ၌လည်း ထုတ်ပြန် ကြေညာထားသည်။
ထို့နောက်ပိုင်း ထပ်မံ ဖမ်းဆီးခံရသူများ ရှိပြီး လက်ရှိ အချိန်အထိ မုံရွာခရိုင်ရှေ့နေများကွန်ရက်ထံ ဆက်သွယ်လာမှုအရ စုစုပေါင်း ၇၆ ဦး (၃၂ ဦးအပါအဝင်) ရှိပြီဖြစ်ကြောင်း သိရသည်။
ကွန်ရက်အဖွဲ့ဝင်တဦးက “ကျနော်တို့ အခု ဖမ်းဆီးထိန်းသိမ်းထားခံရတဲ့ ပြည်သူတွေအကုန်လုံးအတွက် ဥပဒေအရ အခွင့် အရေး အပြည့်အဝ ရဖို့ရာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖြည့်စွက်လိုက်သည့် ပုဒ်မများအနက် တခုဖြစ်ပြီး ထောင် ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မတခုလည်း ဖြစ်သည်။
ပုဒ်မ ၅၀၅ -က အရ မည်သူမဆို နိုင်ငံသားတစုကိုဖြစ်စေ၊ ပြည်သူထုကိုဖြစ်စေ ထိန်လန့်စေလျှင် (သို့) ထိတ်လန့်စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိပါလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုးရဝန်ထမ်း တဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်း တဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်း အများကို ဖြစ်စေ ပြစ်မှုကျူးလွန်စေ ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင်ဟု ဖွင့်ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီး ၇ ရက်မြောက်နေ့တွင် စတင်ခဲ့သည့် စစ်အာဏာရှင်ကို ဆန့်ကျင်သော မုံရွာသပိတ် စစ်ကြောင်းသည် ရဲနှင့်စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ဖမ်းဆီးခံရသူများ၊ သေဆုံးသူများ ရှိခဲ့သော် လည်း အားလျော့သွားခြင်းမရှိဘဲ ယနေ့ (မတ် ၁၆ ရက်) အချိန်အထိ အတားအဆီးများကြားမှ နေ့စဉ် ဆက်လက် ချီတက် လျက် ရှိသည်။
မုံရွာတွင် ယနေ့အချိန်အထိ ရဲနှင့်စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဒီမိုကရေစီတိုက်ပွဲဝင်ရင်း ကျဆုံးသွားသူ ၁၀ ဦး ရှိပြီ ဖြစ်သည်။
မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်က “အခု မြေပြင်အခြေအနေ ပြောရမယ်ဆိုရင် စစ်ကြောင်း ထွက်ဖို့ အခက်အခဲဖြစ်အောင် လိုက်လုပ်နေတဲ့ အခြေအနေမျိုး ကြုံရတယ်။ သို့သော် ဖေဖော်ဝါရီ ၇ ရက်က စလိုက်တဲ့ မုံရွာသပိတ်စစ်ကြောင်း အနေနဲ့ ဒီနေ့အထိ လုံးဝ တရက်မှ မပျက်သေးဘဲနဲ့ ထွက်နိုင်နေသေးတယ်။ ဒီဘက်ရပ်ကွက်မှာ သူတို့ပိတ်ရင် တခြားရပ်ကွက်မှာ ကျနော်တို့ ရအောင်ရွှေ့ပြီး ထွက်တယ်။ အဲဒီလိုပုံစံမျိုးနဲ့ သွားနေတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ယခုလို လိုက်လံပြီး သဲကြီးမဲကြီး ဖြိုခွင်းရန် ကြိုးစားနေခြင်းကပင်လျှင် လူထုလှုပ်ရှားမှုများသည် ၎င်း တို့အတွက် တစုံတရာ အထိအခိုက်ဖြစ်စေပြီး တုန်လှုပ်နေသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ ယမန်နေ့မှစ၍ ဘဏ်များ ပြန် ဖွင့်ရန် တွန်းအားပေးခြင်းကလည်း ၎င်းတို့ မျှော်မှန်းသလောက် အောင်မြင်သည့်အခြေအနေ မရှိကြောင်း ထောက်ပြသည်။
ကိုဝေမိုးနိုင်က “Facebook ပေါ်မှာ စိတ်ပျက်အားလျော့တဲ့ စာတချို့ တွေ့နေရပေမယ့် တကယ့်မြေပြင် အခြေအနေမှာတော့ တ ဖက်က ကျနော်တို့ကို မဖြစ်မနေ ရပ်တန့်ဖို့အတွက် ကြိုးစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မုံရွာအနေနဲ့ဆိုရင် ဒီ နေ့အချိန်ထိ သပိတ်စစ်ကြောင်းက မတန့်သေးဘူး။ CDM လုပ်တဲ့ဝန်ထမ်းတွေ အကုန်လုံးကလည်း အခုအချိန်ထိ CDM ပဲ တသားတည်း ရှိနေကြသေးတယ်။ ကျနော်တို့ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အခုအချိန်ထိ ယုံကြည်ချက် ရှိနေသေး တယ်” ဟုလည်း ဆိုသည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၏ မူလအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ တပ်မတော်သား တဦးအား ဖြောင့်မတ်မှုကို ဖြစ်စေ၊ ကျန်းမာ ရေးကို ဖြစ်စေ၊ ကျင့်ဝတ်ကို ဖြစ်စေ၊ ပျက်ပြားစေရန် သော်လည်းကောင်း၊ ဖောက်ဖျက်စေရန် သော်လည်းကောင်း သို့မ ဟုတ် ယင်းတို့၏ လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေသော အစိုးရနှင့် စပ်လျဉ်းသည့် အစိုးရဝန်ထမ်း သို့မဟုတ် တပ်မတော်ကို နည်းလမ်းတရပ်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ နှောက်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊ ဖြစ်လာ စေရန်သော်လည်း ပြုလုပ်ခြင်း သို့မဟုတ် ထိုသို့ ပြုစေတန်ရာ အကြောင်း ရှိလျှင် ဟု ဖွင့်ဆိုထားသည်။
သို့သော် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ (က) ကို ဤသို့ ပြင်ဆင်ဖြည့်စွက်ကာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မအဖြစ် ပြောင်းလဲခဲ့သည်။
You may also like these stories:
သပိတ်ကျင်းတွင် ကျည်ထိသဖြင့် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံး
တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းလုံခြုံရေး အာမခံချက်ပေးရန် တရုတ်သံရုံးတောင်းဆို
ဆေးတက္ကသိုလ် ကျောင်းသား ၁ဦး သေဆုံးခဲ့ရသည့် တာမွေပစ်ခတ်မှု