စစ်အာဏာသိမ်းကောင်စီက ၎င်းအပေါ် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတ မန် ဒေါက်တာဆာဆာက ယနေ့ တုန့်ပြန်ကြေညာလိုက်သည်။
ဒေါက်တာဆာဆာက “စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ စစ်အာဏာရှင်ကို သစ္စာဖောက်တယ်ဆိုတာက ကျနော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး ကျနော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှု အတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်”ဟု တုန့်ပြန်ထားသည်။
စစ်အာဏာရှင်များအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ရက်စက်ကြမ်းကြုတ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့ပြီး ယခုကဲ့သို့ နိုင်ငံတော်သစ္စာဖောက်မှု ကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအပေါ် စစ်ကြေညာလိုက်ခြင်းဖြစ်ပြီး ယင်းရာဇဝတ်ကောင် များအား တရားခွင် မပို့နိုင်မချင်း ရပ်တန့်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောထားသည်။
ဒေါက်တာ ဆာဆာက “သေဒဏ်အပြစ်ပေးနိုင်တဲ့ ဒီစွဲချက်က ကျနော့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံး က လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှတဲ့ မြန်မာပြည်သူ တွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျနော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး” ဟုလည်း ပြောသည်။
CRPH မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည့် ဒေါက်တာဆာဆာ အား နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်အာဏာသိမ်း ကောင်စီက မတ်လ ၁၆ ရက်နေ့ ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါက်တာဆာဆာအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ မျက်နှာစာတွင် စစ်အာဏာသိမ်းကောင်စီ ဖြုတ်ချရေး ကြိုး ပမ်းလုပ်ဆောင်လျှက်ရှိပြီး မြန်မာပြည်သူများအား အကာအကွယ်ပေးရေးအတွက် Responsibility to Protect (R2P) အစီအစဉ်အား တိုက်တွန်းတောင်းဆိုခြင်းနှင့် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းများလည်း ဆောင်ရွက်လျှက်ရှိသည်။
ဒေါက်တာဆာဆာက “ကျနော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်တဲ့လုပ်ရပ်ကိုကြည့်ရင် ဥပဒေနဲ့မညီညွတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ထိန်းချုပ်လို့ မရတော့ဘူး၊ အနိုင်မရနိုင်တော့ဘူးဆိုတာကို သိလာကြပြီး အကြီးအကျယ် ကြံရာမရဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
You may also like these stories:
R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး
ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ
CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး